Social
လူစီးရထားတွဲများ တိုးချဲ့ချိတ်နိုင်ရန် ရထားတွဲ ၁၂၀ ကျော် ဝယ်ယူပြီးဟုဆို
နေပြည်တော်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင်းရှိ မီးရထားလမ်းများတွင် လူစီးတွဲများ ထပ်တိုး ချိတ်ဆွဲနိုင်ရန် အမေရိကန် ဒေါ်လာ ၄၅ သန်း ဖိုးရှိ လူစီးတွဲ ၁၀၀ အပါအဝင် တွဲပေါင်း ၁၂၁ တွဲကို ဝယ်ယူထားသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
“တရုတ်နိုင်ငံ ချေးငွေဖြင့် လူစီးတွဲ ၂၁ တွဲ မှာယူထားတာ ရှိပါတယ်။ ၂၀၁၇ ပထမ နှစ်ဝက် အတွင်းမှာ ရောက်ရှိလာရင် ဒီတွဲတွေကို မြစ်ငယ် စက်ရုံမှာ ဆင်ပြီးတော့ မန္တလေး – မြစ်ကြီးနားလမ်းတွင် ထည့်သွင်း အသုံးပြုသွားပါမယ်။ ဒါ့အပြင် ကိုရီးယား EPC ရဲ့အထောက်အပံ့နဲ့ အမေရိကန် ဒေါ်လာ ၄၅ သန်းဖိုး ရှိတဲ့ တွဲပေါင်း ၁၀၀ ကိုလည်း မှာယူထားပြီး ဖြစ်ပါတယ်။ အဲဒီတွဲတွေ ရောက်လာတဲ့အခါ မန္တလေး – မြစ်ကြီးနားလိုင်းမှာ ဖြည့်ပြီး ပြေးဆွဲသွားပါ့မယ်” ဟု သူက ပြောခဲ့သည်။
ကချင်ပြည်နယ်၊ မိုးမောက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်၏ “မန္တလေး – မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် မီးရထားခရီးစဉ် အသစ် တိုးချဲ့ ပြေးဆွဲပေးရန် အစီအစဉ်ရှိ မရှိ” ဟူသည့် ကြယ်ပွင့်ပြ မေးခွန်းကို အစိုးရအဖွဲ့ကိုယ်စား ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွဲများ ဖြည့်တင်း ပြေးဆွဲပေးသည့်အတွက် ဒေသခံ ရထားစီး ပြည်သူတို့ အဆင်ပြေ သွားမည်ဟု ဒုတိယ ဝန်ကြီးက ပြောသည်။
လက်ရှိတွင် အဆိုပါ မန္တလေး – မြစ်ကြီးနား မီးရထားလမ်းပိုင်း၌ လူစီးရထား ၂၆ စင်းနှင့် ကုန်ရထား ခြောက်စင်းတို့ပြေးဆွဲလျက်ရှိပြီး ထိုရထားစီးရေမှာ မြန်မာ့ မီးရထားတွင် လမ်းပိုင်းအလိုက် အများဆုံး လက်ခံနိုင်သော ရထားစီးရေထက် ကျော်လွန်နေသဖြင့် ရထားစင်းရေ ထပ်မံတိုးချဲ့ပါက မလိုလားအပ်သော ရထားလမ်း ပိတ်ဆို့မှုများ၊ ကြန့်ကြာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် ရထားတွဲ အသစ်များ ထပ်မံတိုးချဲ့ချိတ်ဆွဲခြင်း၊ ဈေးနှုန်းများ လျှော့ချခြင်း၊ ပြေးဆွဲချိန်အချို့ကို ပြန်လည် ပြင်ဆင်ခြင်း စသည့် ဆောင်ရွက်မှုများကို ဒေသခံ ရထားစီး ပြည်သူတို့အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ပြည်သူ့လွှတ်တော်တွင် ရှင်းပြခဲ့သည်။ (Xinhua)