Social
သြင်္ကန်ကာလတွင်း လမ်းများ လွှဲပြောင်းခြင်းနှင့် ပိတ်ခြင်းများ ပြုလုပ်မည် မဟုတ်ဟုဆို
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ယခုနှစ် မဟာသြင်္ကန်ပွဲတော်ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများ လွှဲပြောင်းခြင်းနှင့် ပိတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယခင်နှစ် သြင်္ကန်ကာလများတွင် ပြည်လမ်း၊ အင်းလျား လမ်း၊ ကန်တော်ကြီးပတ်လမ်းများတွင် ရေကစားမဏ္ဍပ်များ ရှိခဲ့သည့်အတွက် ယာဉ်ကြောကျပ်တည်းမှု၊ ပိတ်ဆို့မှုများ မရှိနိုင်စေရေးအတွက် လမ်းလွှဲများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနှစ် မင်းဓမ္မလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်းများ ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုထားသည့် အတွက် အခြားနေရာတို့တွင်ပါ ယာဉ် ကြောကျပ်တည်းမှု အလွန်မဖြစ်နိုင်သည့် အတွက် လမ်းပိတ်ခြင်း၊ လမ်းလွှဲခြင်းများ ပြုလုပ်ထားမည် မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယခုနှစ်တွင် မဟာဗန္ဓုလလမ်း မြို့တော်ခန်းမရှေ့ ရေကစားမဏ္ဍပ်ရှေ့တစ်ခုတွင်သာ လမ်းလွှဲပေးမှုပြုလုပ်ထားရှိမည်ဖြစ်ပြီး ဆူးလေဘုရား အရှေ့ဘက်မုခ်မှ မဟာ ဗန္ဓုလလမ်းဘက်သို့သာ လွှဲပြောင်းမှုရှိမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်များအတွင်းရှိ ရေကစား မဏ္ဍပ်များအနေဖြင့် ရေပက်ခံလာကြသော မော်တော်ယာဉ်များကို လမ်းရှင်း ရာတွင် မိမိတို့အစီအစဉ်ဖြင့် ရှင်းလင်းကြရ မည်ဖြစ်ပြီး မဏ္ဍပ်ဝန်းကျင်၌ စက်ချွတ် ယွင်း၍ ရပ်တန့်သွားသော မော်တော် ယာဉ်များကိုသာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအနေဖြင့် လာရောက်အကူအညီပေး ဆွဲထုတ်ရှင်းလင်းသွားမည် ဖြစ်ကြောင်း သိရသည်။
သြင်္ကန်ရက်များအတွင်း မော်တော် ယာဉ်များသွားလာမှု အဆင်ပြေစေရေး၊ ယာဉ်အန္တရာယ်များ မဖြစ်ပွားစေရေး အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား အပြည့်သုံးကာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။(Xinhua)