Social
သြင်္ကန်ပွဲတော်ကာလတွင် မြို့တွင်းကိုးမြို့နယ်ကို အချိန်အကန့်အသတ်ဖြင့် ရေပေးဝေမည်
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး သြင်္ကန်ပွဲတော်၌ မြို့တွင်းကိုးမြို့နယ်ကို အချိန်အကန့်အသတ်ဖြင့် ရေပေးဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
သြင်္ကန်ပွဲတော်အတွင်း ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းမြို့နယ် တို့အား နံနက် ၈ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ လည်းကောင်း၊ အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့အား နံနက် ၈ နာရီမှ ၁ဝ နာရီအထိ လည်းကောင်း အချိန်ကန့်သတ်၍ ရေပေးဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)ထံမှ သိရသည်။
ထို့အပြင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)စသည့် မြို့နယ်များကို ပုံမှန်အတိုင်း ရေပေး ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ရေပိုက်လိုင်း အင်းလျား ကန်နှင့် ကန်တော်ကြီးတို့မှ ရေအား ဆက်သွယ်ကစားလိုသူများကို စိစစ် ဆောင်ရွက်ပေးနိုင်ရန် ရေနှင့် သန့်ရှင်းမှုဌာနသို့ ဧပြီ ၁၃ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား ကာ ယာယီရေဆက်သွယ်ခွင့် လျှောက်လွှာများကို မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးရုံးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၁၂ ထပ် တိုးချဲ့ရုံးသစ်ရှိ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) ဌာနတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။(Xinhua)