Connect with us

Social

ရန်ကုန်ဝါးတားဘတ်စ် ရေလယ်ကျောက်တန်းခရီးစဉ် ခရီးသည် ၁၉ဝ အတွက် ဝန်ဆောင်မှုပေးလျက်ရှိ

ရန်ကုန်ဝါးတားဘတ်စ်ပြေးဆွဲနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်ဝါးတားဘတ်စ် (Yangon Water Bus)၏ ဒုတိယပတ်မြောက် ရေလယ် ကျောက်တန်း ဘုရားဖူးခရီးစဉ်ပြေးဆွဲမှုတွင် ခရီးသည် ၁၉ဝ အတွက် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီ မှ သိရသည်။

ရန်ကုန်မြို့၏ ရေကြောင်းခရီးသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဆောင်ရွက် နေသည့် ရန်ကုန်ဝါးတားဘတ်စ်(Yangon Water Bus)အနေဖြင့် ပုံမှန်ခရီးစဉ်ဖြစ်သော ဗိုလ်တထောင်-အင်းစိန်ခရီးစဉ်အပြင် ပိတ်ရက် များဖြစ်သော အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ကျောက်တန်းရေလယ် ဘုရားဖူး အထူးခရီးစဉ်ကို ပြေးဆွဲနေပြီး မတ် ၁၇ ရက်မှ စတင် ပြေးဆွဲပေးလျက်ရှိရာ ယခု ဒုတိယမြောက် ရက်သတ္တပတ်အဖြစ် ဆက်လက်ပြေးဆွဲပေး သွားမည်ဟု သိရသည်။

ယခုတစ်ပတ်ခရီးစဉ်တွင် စတင်ထွက်ခွာချိန်မှာ နံနက် ၇ နာရီ မိနစ် ၅ဝ ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ရောက်ချိန်မှာ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝ ဖြစ်ပြီး ထမင်းဘူး၊ ရေနှင့် ကော်ဖီတို့ ဝန်ဆောင်မှုတွင် ပါဝင်မည်ဖြစ်သည်။ အဆိုပါ ခရီးစဉ် အတွက် မတ် ၂၂ ရက်မှစတင်ကာ ကြိုတင်လက်မှတ်များ ကို ဗိုလ်တထောင်ဆိပ်ကမ်းတွင်လည်းကောင်း၊ အင်းစိန် ဆိပ်ကမ်းတွင်လည်းကောင်း ရောင်းချပေးလျက်ရှိပြီး ခရီးစဉ် မထွက်ခွာမီ နာရီဝက်အလိုအထိ လာရောက်ဝယ်ယူနိုင် ကြောင်း သိရသည်။ ဆက်လက်၍ တနင်္ဂနွေနေ့တွင်လည်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရန်ကုန်မြစ်ကြောင်းသွား သယ်ယူပို့ဆောင်ရေး Yangon Water Busကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၇ ရက်မှ စတင်ကာ ရန်ကုန်မြို့တွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှ အင်းစိန် (အောင်ဇေယျတံတားအောက်) ခရီးစဉ်ကို စတင်ပြေးဆွဲပေးခြင်းဖြစ်ပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှ နန်းသီတာဆိပ်ကမ်း၊ လမ်းသစ်(လမ်းမတော်)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ လှိုင်ဆိပ်ကမ်း၊ အင်းစိန်ဆိပ်ကမ်း တို့ကို ဆိုက်ကပ်ပေးလျက်ရှိသည်။ ယခု ကျောက်တန်း ရေလယ်ဘုရားဖူး အထူးခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး မကြာမီ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် သန်လျင်စတားစီးတီး အိမ်ရာသို့ ခရီးစဉ်များကို ပြေးဆွဲနိုင်ရန် အကြိုလေ့လာ ဆောင်ရွက်လျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.