Social
အာဆီယံ အစားအစာပွဲတော် ၂၀၁၉ သြဂုတ်လတွင် မန္တလေးမြို့၌ ကျင်းပမည်

ရန်ကုန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)
အာဆီယံ အစားအစာပွဲတော် ၂၀၁၉ (ASEAN Food Festival -2019)ကို သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် မန္တလေးမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံအစားအစာပွဲတော် ၂၀၁၉ ကို မြန်မာနိုင်ငံခရီးစဉ်ဒေသဖြစ်သော မန္တလေးမြို့တွင် ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၈ ရက်တွင် နေပြည်တော်ရှိ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပွဲတော်တွင် အာဆီယံနိုင်ငံများမှ ကိုယ်စားပြု ပြခန်းများ ပါဝင်ပြသနိုင်ရေး အတွက် ချိတ်ဆက်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ၊ ပွဲတော်တွင် လက်ရှိ ရရှိ ထားသော စာရင်းအရ ပြခန်းပေါင်း ၁၁၀ ခန့် ခင်းကျင်း ပြသမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ပွဲတော်ကျင်းပ နေစဉ်အတွင်း မြန်မာ့ရိုးရာ ဒေါင်းလန်း ဖြင့် သရုပ်ဖော်ပြသမည့်အစီအစဉ် ထည့်သွင်း ဆောင်ရွက်မှုများ ၊ Fruit Curving ၊ Ice Curving သရုပ် ဖော်ပြသမည့်အစီအစဉ်၊ အစားအစာများ ချက်ပြုတ်ပြင်ဆင်ပြသမည့် အစီအစဉ်များ ၊ မြန်မာ့ရိုးရာ သနပ်ခါး ထုတ်လုပ်မှု ပြသရေး အစီအစဉ်များကိုလည်း အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)