Connect with us

Social

ပညာ သင်ကြားရေးတွင် သွားလာမှု အဆင်ပြေစေရန် ကျောင်းသားများ အတွက် စက်ဘီး အစီးရေ ၁ သိန်းထိ လှူဒါန်းရန် Lesswalk မှ ရည်မှန်းထားဟုဆို


ရန်ကုန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံ နေရာ အနှံ့ရှိ စာသင်ကျောင်းများတွင် ဝေးလံသည့် နေရာများမှ လာရောက် ပညာ သင်ကြားနေသည့် ကျောင်းသား/သူများ သွားလာရေး အဆင် ပြေစေရန် Lesswalk အဖွဲ့မှ နှစ်နှစ် အတွင်း စက်ဘီး အစီးရေ ၁ သိန်းထိ လှူဒါန်းရန် ရည်မှန်း ထားကြောင်း Lesswalk တည်ထောင်သူ ကိုမိုက်ခ်သန်းထွန်းဝင်းက ဆင်ဟွာသို့ပြောကြားခဲ့သည်။

စာသင်ကျောင်း နှင့် ဝေးလံသည့် နေရာမှ လမ်းလျှောက်ကာ ပညာသင်ကြားနေရသည့် ကျောင်းသား/သူများ၏ အခက်အခဲများအား တွေ့မြင်ရပြီးနောက် ယခုကဲ့သို့လှူဒါန်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက စက်ဘီး များ စတင် လှူဒါန်းဖြစ်ပုံကို ရှင်းပြခဲ့သည်။

သန်လျှင် မြို့နယ် ၊ ချောင်းစောက် ကျေးရွာ အခြေခံ ပညာ အထက်တန်း ကျောင်း(ခွဲ)တွင် Lesswalk အဖွဲ့မှ စက်ဘီးများ လှူဒါန်းမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုမိုက်ခ်သန်းထွန်းဝင်းက “နယ်တွေဘက် သွားတဲ့ အခါမှာ ကျောင်းနဲ့ ရွာနဲ့တော်တော် ဝေးတဲ့ နေရာမှာ ကလေးတွေ တန်းစီပြီး လမ်းလျှောက် ရတာတွေကို မြင်ရတယ်။ကျွန်တော် စဉ်းစားတာက သူတို့ကို စက်ဘီးတွေ ပေးနိုင်ရင်တော့ သူတို့ပညာရေး အတွက် ၊ ဘ၀ အတွက် အများကြီး ပြောင်းလဲနိုင်တယ် ဆိုပြီး စဉ်းစားပြီးတော့ Lesswalk ကို စခဲ့တာပါ။”ဟု ရှင်းပြခဲ့သည်။
ကျောင်းသား/သူများ အတွက် စက်ဘီး လှူဒါန်းမှုအား ဇွန်လမှ စတင်ခဲ့ပြီး စက်ဘီးများကို နေအိမ်နှင့် စာသင် ကျောင်း ဝေးသည့် နေရာမှ လာရောက် ပညာသင်ကြားရသည့် ကျောင်းသား/သူများ ၊ အမှန်တကယ် လိုအပ် သည့် ကျောင်းသား/သူများကို ဦးစားပေး လှူဒါန်းခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Lesswalk အဖွဲ့မှ လှူဒါန်းထားသည့် စက်ဘီးများဖြင့် ကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ)
ယခုအခါတွင် Lesswalk အဖွဲ့သည် တိုင်းဒေသကြီး နှင့် ပြည်နယ် တစ်ချို့ရှိ သွားလာရေး အခက်အခဲ ရှိသည့် စာသင်ကျောင်းများသို့စက်ဘီးများ သွားရောက် ပို့ဆောင် လှူဒါန်းမှုများ ပြုလုပ်လျှက် ရှိနေပြီး ယနေ့ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျှင် မြို့နယ် အတွင်းရှိ စာသင်ကျောင်းများသို့စက်ဘီးများ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Lesswalk အဖွဲ့မှ လှူဒါန်းထားသည့် စက်ဘီးများဖြင့် ကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ)
နေအိမ်မှ စာသင်ကျောင်းသို့တစ်နာရီကျော်ခန့်လမ်းလျှောက်ရသည့် အကွာအဝေးမှ ကျောင်းတက်ရသော ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျှင် မြို့နယ် ၊ ချောင်းစောက် ကျေးရွာ အခြေခံ ပညာ အထက်တန်း ကျောင်း(ခွဲ)မှ နဝမတန်း ကျောင်းသူ မထက်ထက်သိမ့်က ယခင်က လမ်းလျှောက်၍ ကျောင်းတက်ရသည့် အတွက် အချိန် ပိုပေးရကြောင်း ၊ စာကျက်ချိန် သိပ်မရှိကြောင်း ၊ ယခုကဲ့သို့စက်ဘီး လှူဒါန်း ပေးသည့် အတွက် စာကျက်ချိန် ပို၍ ရသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သန်လျှင် မြို့နယ် ၊ ချောင်းစောက် ကျေးရွာ အခြေခံ ပညာ အထက်တန်း ကျောင်း(ခွဲ)တွင် အထက်တန်းပြ ကျောင်းဆရာမ တစ်ဦး ဖြစ်သူ ဒေါ်ဖြူဖြူအောင်က ကျောင်းနှင့် ဝေးသည့် နေရာမှ လာရောက်ရသည့် ကလေးများမှာ ကျောင်းချိန် မီရန် နံနက် ၆ နာရီခန့်ကတည်းက လမ်းလျှောက်ရကြောင်း ၊ ယခုကဲ့သို့ စက်ဘီးများ လှူဒါန်းပေးသည့် အတွက် ကျေနပ် ပီတိ ဖြစ်ရကြောင်း ပြောကြားခဲ့သည်။

Lesswalk အဖွဲ့မှ လှူဒါန်းထားသည့် စက်ဘီးများဖြင့် ကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ)
“အဓိက ကျွန်တော်တို့ရဲ့ Lesswalk(လမ်းလျော့လျှောက်)ရဲ့ရည်ရွယ်ချက်က လမ်းလျော့လျှောက်ရင် ကျောင်းမပျက်တော့ဘူး။ ကျောင်းမပျက်ရင် ပညာရေးလဲ ကောင်းကောင်း ရမယ်။ နောက်တစ်ခုက သူတို့လမ်းလျော့ပြီး လျှောက်လိုက်တဲ့ အတွက် တစ်နာရီ လမ်းလျှောက်ရတဲ့ ခရီးစဉ်ကို ၁၅ မိနစ် ၊ မိနစ် ၂၀ အတွင်း ကျောင်းရောက်နိုင်ရင် စာသင်ခန်း အတန်းထဲမှာလဲ အာရုံ ပိုစိုက်လို့ရတယ်။ စာကျက်တာလဲ ပိုရမယ်။ ကလေးတွေလဲ ပညာရေး အတွက် အများကြီး အဆင်ပြေသွားမှာပါ။” ကိုမိုက်ခ်သန်းထွန်းဝင်းက ပြောကြားခဲ့သည်။
အဆိုပါ စက်ဘီးများကို ပြည်ပ နိုင်ငံများရှိ စက်ဘီးကုမ္ပဏီများမှ ဝယ်ယူခဲ့ပြီး ယခုအချိန်တွင် စက်ဘီး အစီးရေ ၁၇,၀၀၀ ခန့်ဝယ်ယူ လှူဒါန်းမှုများ ပြုလုပ်နေပြီး ဆက်တိုက် ဝယ်ယူမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

စက်ဘီး လှူဒါန်းခဲ့ရာတွင် မှုလက စက်ဘီး အစီးရေ ၁ သောင်းခန့်လှူဒါန်းပါက အဆင်ပြေမည်ဟု ထင်ထား သော်လည်း တကယ့် လက်တွေ့လှူဒါန်းမှုများ ပြုလုပ်ရာတွင် လိုအပ်မှုများ ရှိနေသည်များကို တွေ့မြင် ရကြောင်း ကိုမိုက်ခ်သန်းထွန်းဝင်းက လှူဒါန်းမှု အခြေအနေများအား ထည့်သွင်း ရှင်းပြခဲ့သည်။
Lesswalk အဖွဲ့သည် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ကျောင်းတက်ရောက်၍ ပညာ သင်ကြားရန် အခက်အခဲ ရှိသော ကျောင်းသား/သူများအား စက်ဘီးများ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။Lesswalk တည်ထောင်သူ ကိုမိုက်ခ်သန်းထွန်းဝင်းသည် အသက် အားဖြင့် ၃၃ နှစ် အရွယ် ရှိကာ ယခု လက်ရှိတွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး ဖြစ်သည်။(Xinhua)