Social
စက်တင်ဘာ ၁၄ ရက် အထိ COVID-19 ရောဂါကူးစက်ခံရသူအလုပ်သမား ၇၄ ဦး နှင့် Quarantine ဝင်ရသော အလုပ်သမားပေါင်း ၂၃၇၉ ဦးရှိဟု ဆို
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက် အထိ COVID-19 ရောဂါကူးစက်ခံရသူအလုပ်သမား ၇၄ ဦးနှင့် Quarantine ဝင်သောအလုပ်သမားစုစုပေါင်း ၂၃၇၉ ဦးရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းနု က ဆင်ဟွာသို့ စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
“Quarantine ဝင်သူတွေ မှာ Hotel Quarantine၊ Home Quarantine၊ Community Base Quarantine ဆိုပြီး ၃ မျိုးရှိတယ်။ အဲ့ဒီ့၂၃၇၉ ဦးထဲ ကမှ ၄၉၄ ဦး ကို အကျိုးခံစားခွင့် ထုတ်ပေးပြီးဖြစ်တယ်။ စုစုပေါင်း ၄၅ ဒသမ ၀၉၀ သန်းကျော် ကို အကျိုးခံစားခွင့် ထုတ်ပေးပြီးဖြစ်ပါတယ်။ ၂၀၂၀ပြည့်နှစ် မတ် ၂၈ ရက်မှ စတက်ပြီးစက်တင်ဘာ ၁၄ ရက် အထိ ဆောင်ရွက်ခဲ့မှုတွေဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
ထို့ပြင် အလုပ်သမားများအနေဖြင့် COVID-19 Positive ဖြစ်သော အချိန်မှ နေပြန်ကောင်းသော အချိန် အထိ ဥပဒေအရ မကျန်းမာမှုဆေးခွင့်ပေးမည်ဖြစ်ကြောင်း ၊ ဆေးခွင့်ယူရာတွင် ၂၈ ရက် နှင့် ရောဂါ ပျောက်ကင်းပါက ၂၈ ရက် စာ၊ ၁လ နှင့် ရောဂါ ပျောက်ကင်းပါက ၁ လ စာ လုပ်ခ ၏ ၆၀ ရာခိုင်နှုန်းပေးလျက်ရှိကြောင်း၊ မကျန်းမာခွင့်အား ၂၆ ပတ် အထိ ဥပဒေအရ ပေးနိုင်ကြောင်း၊ မကျန်းမာ ခွင့် ခံစားစဉ် လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
“COVID-19 ကာလ မှာ လူမှုဖူလုံရေးအဖွဲ့ကပေးနေတာတွေ က ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ Quarantine တို့၊ ကိုယ်ဝန်ဆောင်သည်၊ လုပ်ငန်းခွင် မကျန်းမာမှု၊ မွေးဖွားမှု တွေအတွက် ငွေကြေးအကျိုးခံစားခွင့်တွေ ခွင့်ပြုထုတ်ပေးတာဖြစ်တယ်။ ဒါ့အပြင် COVID-19 နဲ့ မဆိုင်ပေမယ့် ဥပဒေအ ရ ငွေကြေးအကျိုးခံစားခွင့် ၁၅ မျိုးက လည်း အမြဲတမ်း ထုတ်ပေးနေကြဖြစ်တယ်။’’ ဟု ၎င်းက ဆက်ရှင်းပြသည်။
COVID-19 ရောဂါကြောင့် သင်္ကြန်ပြီးကာလတွင် ပိတ်လိုက်ရသော အလုပ်များရှိကြောင်း၊ ထိုအလုပ်များတွင် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ၏ လစာ နှင့် စက်ရုံအလုပ်ရုံများ အတွက် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ဧပြီ ၂၀ ရက်မှ မေ ၁၅ ရက် အတွင်း လုပ်ငန်းပြန်ပိတ်လိုက်ရသော ရက် များ အတွက် အလုပ်သမားများအတွက် လစာ၏ ၄၀ ရာခိုင်နှုန်းအားထောက်ပံ့ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၉ ဘီလီယံကျော် ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)