Social
Landmark အဆင့်မြင့်အိမ်ရာ စီမံကိန်းအတွက် FMIမှ ရှယ်ယာသစ်များ ထုတ်ရောင်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြန်မာ့မီးရထား ရုံးချုပ်နှင့် FMIရုံးချုပ်နေရာတို့၌ တည်ဆောက်နေသော Landmark အဆင့်မြင့်အိမ်ရာ စီမံကိန်းအတွက် FMIမှ ရှယ်ယာသစ်များ ထုတ်ရောင်းမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
First Myanmar Investment (FMI) ကုမ္ပဏီ အနေဖြင့် နိုင်ငံခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းတည်ဆောက်မည့် Landmark စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှု ရှိလာပါက ရှယ်ယာသစ်များကို ထုတ်ရောင်းမည်ဖြစ်သည်။
Landmark Development စီမံကိန်းအား အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ရင်းနှီးမြှုပ်နှံကာ တည်ဆောက် သွားမည်ဖြစ်ပြီး ကုမ္ပဏီများ၏ ရှယ်ယာထည့်ဝင်မှုများ အဖြစ် FMI မှ ၁၂ ရာခိုင်နှုန်း၊ ရိုးမကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်သည့် Mitsubishi ကော်ပိုရေးရှင်းနှင့် Mitsubishi Estate ကုမ္ပဏီတို့မှ ၃ဝ ရာခိုင်နှုန်း၊ နိုင်ငံ တကာ အဖွဲ့အစည်းနှစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)နှင့် အာရှဖွံ့ဖြိုရေးဘဏ် (ADB) တို့မှ ၅ ရာခိုင်နှုန်းစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)