Connect with us

Social

ကိုကိုးကျွန်းခရီးစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ YRTA အနေဖြင့် အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်းဆို

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကိုကိုးကျွန်းသို့ ထွက်ခွါခဲ့သည့် သင်္ဘောအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

 

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကိုကိုးကျွန်းခရီးစဉ်များကို ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အနေဖြင့် စီမံဆောင်ရွက် အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံမှုနဲ့ ကျွန်တော်တို့ YRTA အနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံး ကိုကိုးကျွန်း ခရီးစဉ်အဖြစ်ပြေးဆွဲပေးခဲ့ပါတယ်။ အဲဒီသင်္ဘောက မနေ့က နေ့လည် ၂ နာရီ မှာ ရောက်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ YRTA ရဲ့ စီမံဆောင်ရွက်မှု နဲ့ ကိုကိုးကျွန်းကို ၃ ကြိမ်ပြေးဆွဲခဲ့ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
YRTA အနေဖြင့် ကိုကိုးကျွန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် နေထိုင်သည့်ပြည်သူများ၏ လိုအပ်ချက်အား အထောက်အကူပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လိုအပ်ချက်ကို YRTA က အကောင်အထည်ဖော်ပေးခြင်းဖြစ်ကြောင်းဆိုသည်။

“ကျွန်တော်တို့ YRTA ကစီစဉ်ပေးရတဲ့အခါ သင်္ဘောခရီးစဉ် အားလုံးက အခမဲ့ပြေးဆွဲပေးတာပါ။ ကိုကိုးကျွန်းမီးလင်းရေးဆောင်ရွက်မှုအတွက်လည်း ကျွန်တော်တို့ ပြေးဆွဲပေးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။

ဘယ်နှစ်ကြိမ်ပြေးဆွဲမယ်ဆိုတာထက် လိုအပ်ချက်ပေါ်မူတည်ပြီးပြေးဆွဲပေးမှာဖြစ်ပါတယ်’’ ဟု၎င်းကဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် စတင်ပြေးဆွဲခဲ့သော ကိုကိုးကျွန်းခရီးစဉ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ဒုတိယမြောက်ခရီးစဉ်ကို မတ်လတွင်လည်းကောင်း၊ တတိယမြောက်ခရီးစဉ်ကို ဩဂုတ်လတွင်လည်းကောင်း ပြေးဆွဲပေးနိုင်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အစီအစဉ်ဖြင့် သုံးကြိမ်ပြေးဆွဲပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.