Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးတွင် City Taxi မှတ်ပုံတင် သက်တမ်းတိုးခြင်းအား ရက်အကန့်အသတ်မရှိ ထပ်မံရပ်ဆိုင်းထားရမည်ဖြစ်ကြောင်းဆို

နှာခေါင်းစည်းဖြင့် တက္ကစီယာဉ်မောင်းတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီးတွင် City Taxi လုပ်ငန်းများ မှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့်ဆိုင်သည့် လုပ်ငန်းစဉ်များအား ပြန်လည်စတင်နိုင်ရန် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ လက်ရှိတွင်လုပ်ငန်းဆောင်ရွက်မှု ပြီးစီးနေပြီဖြစ်သော်လည်း COVID-19 ရောဂါအခြေအနေအရ City Taxi မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ရက်အကန့်အသတ်မရှိ ထပ်မံရပ်ဆိုင်း ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ City Taxi တွေ မှတ်ပုံတင်သက်တမ်းတိုးဖို့ အတွက် လိုအပ်တဲ့ လုပ်ငန်းပြန်လည်စတင်ဖို့ ပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့် COVID-19 အခြေအနေအရ Social Distancing အခြေအနေတွေလည်းရှိနေတော့ ထပ်ပြီးရပ်ဆိုင်းရတာပါ။ ကျွန်တော်တို့ အနေနဲ့ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး သက်တမ်းတိုးတွေကို ပြန်လည်ပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်’’ ဟု ဦးလှအောင်ကပြောသည်။

City Taxi သက်တမ်းတိုး လုပ်ငန်းများအား COVID-19 ပထမလှိုင်းစတင်ချိန် မတ်လကုန်မှ စ၍ ယာယီဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်ရမည့် အငှားယာဉ် လေးသောင်းကျော်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ City Taxi ခြောက်သောင်းငါးထောင် ကျော်ရှိကြောင်း ဆိုသည်။ (Xinhua)