Sport
မြန်မာ့လက်ရွေးစင် အသင်း စင်ကာပူနိုင်ငံတွင် ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)
အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ဇွန်လအတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်ကာ ခြေစမ်းပွဲ(၂)ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင် အသင်းနှင့် ဇွန်လ (၆)ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀မိနစ်တွင် ဂျလန်ဘဆာကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို စင်ကာပူနည်းပြချုပ်၏မေတ္တာရပ်ခံချက်အရ ကွင်းပိတ်ခြေစမ်းပွဲအဖြစ်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ ဒုတိယခြေစမ်းပွဲဖြစ်သည့် စင်ကာပူလိဂ် လက်ရှိချန်ပီယံ အလ်ဘီရက်စ် နီဂါတာ အသင်းနှင့်ပွဲကို ဇွန်လ(၉)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆)နာရီအချိန်၊ Jurong East Stadium တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါခြေစမ်းပွဲစဉ်ကို စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်များအနေဖြင့် ကွင်းဝင်ကြေးပေးစရာမလိုဘဲ အခမဲ့လာရောက်ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။
အဆိုပါ အလ်ဘီရက်စ် နီဂါတာအသင်းသည် ယမန်နှစ်က စင်ကာပူလိဂ် ချန်ပီယံဖြစ်ခဲ့သည့်အပြင် League Cup၊ Singapore Cup တို့ကိုပါ အနိုင်ရရှိထားသည်။ ယခုနှစ် စင်ကာပူလိဂ် ပွဲစဉ် ၁၀ အပြီးတွင် ထိပ်ဆုံးနေရာမှ ဦးဆောင်လျက်ရှိပြီး နောက်ဆုံးယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် စင်ကာပူ ယူ၂၂ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် Young Lions အသင်းကို ၈ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံတွင် ခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ပြီးနောက် မကာအိုနိုင်ငံသို့ တိုက်ရိုက်ထွက်ခွာကာ မကာအိုလက်ရွေးစင်အသင်းနှင့် ဇွန်လ ၁၃ရက်နေ့တွင် အာရှဖလားခြေစစ်ပွဲစဉ်ကို သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ (Xinhua)