Sport
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် လေ့ကျင့်ရေးကွင်းငါးကွင်း ၌ MNL အသင်းရှစ်သင်း လေ့ကျင့်ရန် အခမဲ့အသုံးပြုခွင့်ပေးမည်

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
လက်ရွေးစင်အသင်း အဆောင်များ၌ Quarantine ထားရှိသည့် Myanmar National League (MNL) အသင်းရှစ်သင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ပိုင် လေ့ကျင့်ရေးကွင်း ငါးကွင်း၌ အလှည့်ကျအခမဲ့ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာဦးဇော်မင်းထိုက်က ဆင်ဟွာသို့ သြဂုတ် ၁၃ ရက်တွင်ပြောသည်။
“လေ့ကျင့်မှု အခက်အခဲမဖြစ်စေဖို့ MFF ပိုင်တဲ့ လေ့ကျင့်ရေးကွင်း ငါးကွင်းကို အလှည့်ကျ အသုံးပြုစေမှာပါ။အားလုံးကိုအခမဲ့အသုံးပြုခိုင်းမှာပါ။အဓိကက လေ့ကျင့်မှုအခက်အခဲမဖြစ်စေဖို့ရည်ရွယ်ပြီး MFF အနေနဲ့ဆောင်ရွက်ဖြစ်တာပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
MNL ပြိုင်ပွဲဝင် ၁ဝ သင်းအနက် အသင်းအဆောင်များ ရှိသည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE FC တို့မှလွဲ၍ ကျန်ရှစ်သင်းကို လက်ရွေးစင်အသင်း၏ အဆောင်များ၌ Quarantine ထားရှိကြောင်း၊ ယင်းရှစ်သင်းကို Quarantine ထားရှိစဉ်အတွင်း လေ့ကျင့်မှု အဆင်ပြေစေရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် သုဝဏ္ဏ လေ့ကျင့်ရေးကွင်း သုံးကွင်းနှင့် အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတု လေ့ကျင့်ရေးကွင်း နှစ်ကွင်းတို့ကို အလှည့်ကျ အသုံးပြုခွင့် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
MNL ကလပ်အသင်းများ Quarantine ထားရှိခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ရှိ၊ မရှိ အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲရပ်နားထားချိန်တွင် Myanmar National Ledge-1 ပြိုင်ပွဲဝင် ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ နုတ်ထွက်ခဲ့သည့်အတွက် လက်ကျန်ပွဲစဉ်များကို ကျန် ၁ဝ သင်းဖြင့်သာ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း Myanmar National Ledge အသင်းမှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)