Connect with us

Sport

Myanmar National League ကလပ် အသင်း ကိုးသင်းမှ ကစားသမားများနှင့် ဒိုင်လူကြီးများတွင် COVID-19 ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိ

MNL ကလပ်အသင်းများအား သြဂုတ် ၁၀ ရက်နေ့တွင် COVID-19 ရောဂါပိုးရှိမရှိစစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

ပြည်တွင်းဘောလုံးပြိုင်ပွဲများ  ပြန်လည် ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Myanmar National League (MNL) အသင်းများ ၏  အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမား နှင့် ဒိုင်လူကြီး စုစုပေါင်း ၃ဝဝ ကျော်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ    ရောဂါပိုးမတွေ့ရှိကြောင်း Myanmar National League  မှ အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်က ဆင်ဟွာကို သြဂုတ် ၁၄ ရက်တွင်ပြောသည်။ 

“ရန်ကုန်ယူနိုက်တက် အသင်းက ဇွန်လအတွင်း အသင်း အစီအစဉ်နဲ့ COVID-19 ရောဂါ ပိုးစစ်ဆေးပြီးဖြစ်လို့ မစစ်ရသေးတဲ့ အသင်းတွေပဲစစ်တာပါ။ MNL ပွဲစဉ် တွေကို သြဂုတ် ၂၂ ရက်မှာ ပြန်ကျင်းပမယ်လို့ ကျွန်တော်တို့ MNL Facebook Page မှာလည်း တင်ထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ခွင့်ပြုချက်ရပြီဆိုတာနဲ့ လိဂ်ပွဲစဉ်ဇယားကို အသေးစိတ် ပြန်လည်ရေးဆွဲမှာပါ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

Myanmar National League အသင်းများမှ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍  သြဂုတ်  ၁ဝ  ရက်နှင့်  ၁၁  ရက်က  ရန်ကုန်ယူနိုက်တက်အသင်းမှလွဲ၍   ကျန်ကလပ်အသင်းကိုးသင်းနှင့် ဒိုင်လူကြီးများ အပါအဝင် လူဦးရေ ၃ဝဝ  ကျော်ကို  COVID-19 ရောဂါပိုး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ ဘောလုံးပွဲပြီးလို့ အောင်ပွဲခံတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်ခြင်း၊ မိတ်ဆက်ခြင်းများ မပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ လိုက်နာခြင်းရှိမရှိကို ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားမှာပါ။  Myanmar National League ပြိုင်ပွဲ၏ အောင်မြင်မှုအပေါ် မူတည်ပြီး တင်ပြ ထားတဲ့  ဘောလုံးပြိုင်ပွဲတွေကို ဆက်လက်ခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ သြဂုတ် ၁၄ ရက်တွင်ပြောသည်။ 

ထို့အတူ အခြားအားကစားပြိုင်ပွဲများကိုလည်း သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တင်ပြ လာပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စနစ်တကျ စစ်ဆေးပြီး အားကစား ပြိုင်ပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကဆိုသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း မြန်မာနေရှင်နယ် လိဂ် ကလပ်အသင်း များကို သြဂုတ်ဒုတိယပတ်မှ ပြိုင်ပွဲပြီးဆုံးချိန် အထိ အဆောင်များ၌ Quarantine ထားရှိ ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.