Connect with us

Economy

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း)နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို နေပြည်တော်တွင် ကျင်းပမည်

လားရှိုးမြို့၌ ကျင်းပသော မြန်မာ (လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက မေ ၂၀ ရက်၌ ဆင်ဟွာသို့ ပြောသည်။

လားရှိုးမြို့၌ ကျင်းပသော မြန်မာ (လားရှိုး)-တရုတ် (လင်ချန်း) နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲသို့လာရောက်ကြသူများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ လင်ချန်းမြို့အစိုးရတို့ ပူးပေါင်း၍ ကြီးမှူးကျင်းပသော လေးရက်ကြာ ကုန်စည်ပြပွဲကို မေလ ၂၅ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

“ဒီကုန်စည်ပြပွဲက နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်ဖို့ရယ်၊ ကုန်သွယ်မှုမြှင့်တင်ဖို့ရယ်၊ နောက်တစ်ခုက နှစ်နိုင်ငံလုပ်ငန်းရှင်တွေ အချင်းချင်း တွေ့ဆုံရအောင် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်” ဟု ဒေါ်နော်မူတာကပေါက ပြောသည်။

“COVID-19 ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး ဧည့်သည်တွေ လာရောက်နိုင်တဲ့ မြန်မာ-တရုတ် ကုန်စည်ပြပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ် ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ ဒီကုန်စည်ပြပွဲကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံမှ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ဆိုင်ခန်းပေါင်း ၄၀ ကျော်နှင့် မြန်မာနိုင်ငံမှ ဆိုင်ခန်းပေါင်း ၇၀ ဝန်းကျင်ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ဒေါ်နော်မူတာကပေါ၏ ပြောကြားချက်အရ သိရသည်။

ကုန်စည်ပြပွဲတွင်တရုတ်နိုင်ငံမှ ကော်ဖီ၊ လက်ဖက်ခြောက်၊ မက္ကဒေးမီးယား၊ အသင့်စား စားသောက်ကုန်များ၊ ဆိုလာစွမ်းအင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊မီးဖိုဆောင်နှင့်အခြားလူသုံးကုန်ပစ္စည်းများအပါအဝင် မြန်မာ့ကျောက်မျက်ရတနာပစ္စည်းများ၊ ဒေသထွက်ကုန်နှင့် အသေးစား၊အငယ်စား နှင့် အလတ်စား (MSME) ထုတ်ကုန်များကို ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ လားရှိုးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.