Connect with us

Politics

တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား တွေ့ရစဉ် (ဓာတ်ပုံ -မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ဒီဇင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းအရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြီးနောက် သတင်းထောက်က အောက်ပါအတိုင်းမေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်မှာ “သတင်းဖော်ပြချက်များအရ မြန်မာနိုင်ငံတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်ကတရုတ်နိုင်ငံ၏ကူညီမှုဖြင့် မြန်မာနိုင်ငံအစိုးရသည် MNDAA ၊ TNLA ၊ AA တို့နှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်ဟုဆိုသည်။ တရုတ်နိုင်ငံဘက်က ထိုကိစ္စကို အတည်ပြုပေးနိုင်မည်လား။ မည်ကဲ့သို့မှတ်ချက်ပေးလိုပါသနည်း” ဟူ၍ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာ
ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) အား အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ဖြေကြားခဲ့သည်ဟူ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.