Connect with us

Economy

မြန်မာနိုင်ငံတွင် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေး အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သဘာပတိအဖြစ် ဦးဆောင်၍ နေပြည်တော်ရှိ Grand Amara Hotel ၌ ဒီဇင်ဘာ ၁၅ ရက်က လက်ခံကျင်းပခဲ့ကြောင်း သိရသည်။

ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ယင်းအစည်းအဝေးကို အလွတ်သဘောအစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေး အပိုင်း ၂ ပိုင်းဖြင့် ကျင်းပခဲ့ပြီး အလွတ်သဘောအစည်းအဝေး၌ ဂျီအမ်အက်စ်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာရေးဆွဲရေးနှင့် ဒေသခွဲအတွင်း ဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးစသည့် ခေါင်းစဉ် ၂ ခုအပေါ် တက်ရောက်လာသည့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပထမခေါင်းစဉ်ဖြစ်သည့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာရေးဆွဲရေး (Preparation of an Innovation Strategy for GMS 2030) နှင့်စပ်လျဉ်း၍ သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက မဟာဗျူဟာအတွက် လျာထားသည့်ရည်မှန်းချက်များ၊ လုပ်ဆောင်မည့်နယ်ပယ်နှင့် ဦးစားပေးကိစ္စရပ်များအပေါ် လမ်းညွှန်အကြံပြုမှုများနှင့် ဂျီအမ်အက်စ်မဟာဗျူဟာအနေဖြင့် နိုင်ငံအလိုက်ဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဒုတိယခေါင်းစဉ်ဖြစ်သည့် ဂျီအမ်အက်စ်ဒေသခွဲအတွင်း ဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေရေး (Strengthening the Engagement of the Local Government in GMS) နှင့်စပ်လျဉ်း၍ သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိတ်ဆက်ရှင်းလင်း တင်ပြခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါခေါင်းစဉ်နှင့်စပ်လျဉ်း၍ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက အမြင်ချင်းဖလှယ်ဆွေးနွေးကြရာတွင် ဂျီအမ်အက်စ်အစီအစဉ်ကို Local Government များအပါအဝင် အခြားပါဝင်ဆက်နွယ်သူများ (Stakeholders) အားလုံးပါဝင်သော ပွင့်လင်းသည့်ပုံစံ (Inclusive and Open Platform) အဖြစ်ဖော်ဆောင်ရေးနှင့် ပိုမိုတက်ကြွသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် ဂျီအမ်အက်စ်အစီအစဉ်အောက်တွင် လက်ရှိဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို အကဲဖြတ်သုံးသပ်ခြင်းဖြင့် ပိုမိုအားကောင်း ခိုင်မာစေမည့်နည်းလမ်းများ ရှာဖွေဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဂျီအမ်အက်စ်အစီအစဉ်သည် ဆယ်စုနှစ် ၃ ခုကျော် ကာလတိုင်အောင် ပေါင်းစည်းလုပ်ဆောင်မှုများဖြင့် လက်တွဲဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ၏ အားကောင်းခိုင်မာပြီး စည်းလုံးညီညွတ်မှုအင်အားတို့ကို ရည်ညွှန်းဖော်ဆောင်သည့်အနေဖြင့် ယခုနှစ်အစည်းအဝေးကို “အနာဂတ်ကာလတွင် မျှဝေခံစားမှုနှင့်အတူ ခံနိုင်ရည်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်ရေးအတွက် ခိုင်မာပြီး စည်းလုံးညီညွတ်သည့် မဲခေါင်ဒေသခွဲအသိုက်အဝန်းတစ်ရပ် တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အခြားဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ဂျီအမ်အက်စ်အစီအစဉ်၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ယခုကျင်းပသည့် ဝန်ကြီးများအစည်းအဝေး၌ အတည်ပြုရန်နှင့် မှတ်တမ်းတင်ရန်ရှိသည့် အကြောင်းအရာများပါဝင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးအစီရင်ခံစာကို မဟာမဲခေါင် ဒေသခွဲအဆင့်မြင့်အရာရှိများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ညှိနှိုင်းရေးမှူးဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က ဝန်ကြီးများနှင့် နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ခေါင်းဆောင်များထံ ဖတ်ကြားတင်ပြခြင်း၊ ဂျီအမ်အက်စ်စီးပွားရေး ကောင်စီများအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ တိုးတက်မှုနှင့် လက်ရှိဆောင်ရွက်မှုများပါဝင်သည့် အစည်းအဝေးအစီရင်ခံစာကို ဂျီအမ်အက်စ်စီးပွားရေးကောင်စီ သဘာပတိက ဝန်ကြီးများနှင့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များထံ ဖတ်ကြားတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဂျီအမ်အက်စ်ဝန်ကြီး/ဒုတိယဝန်ကြီးများနှင့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက ဂျီအမ်အက်စ်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်းကို အတည်ပြုကြပြီး၊ ဒေသခွဲအတွင်း ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းရေး တိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာ လေ့လာချက်၊ ဂျီအမ်အက်စ်အစီအစဉ်တွင် ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးဆိုင်ရာလေ့လာချက်နှင့် ဂျီအမ်အက်စ်ဒေသခွဲတွင် ဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခိုင်မာရေးဆိုင်ရာလေ့လာချက်တို့ကို အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြကြောင်း၊ အစည်းအဝေးအတွင်း ဂျီအမ်အက်စ်ဝန်ကြီးများ ပူးတွဲကြေညာချက် (Joint Ministerial Statement) အပေါ် အပြီးသတ်ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Nut Unvoanra ဦးဆောင်ပြီး အဖွဲ့ဝင် ၃ ဦး၊ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Lu Jin ဦးဆောင်ပြီး အဖွဲ့ဝင် ၇ ဦး၊ လာအိုနိုင်ငံ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mme. Phonevanh Outhavong ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦး၊ ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကောင်စီရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Wanchat Suwankitti ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦး၊ ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mr. Tran Quoc Phuong ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ မဲခေါင်သိပ္ပံအမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၀) ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(၂၆) ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများ အစည်းအဝေးကျင်းပရေးနှင့် စပ်လျဉ်းသည့် အဆင့်မြင့်အရာရှိများ၏ ညှိနှိုင်းအစည်းအဝေးများကိုလည်း ယခုနှစ် ဧပြီ၊ အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးလျက် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ဂျီအမ်အက်စ်အစီအစဉ်နှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်တွင် စတုတ္ထအကြိမ် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေး၊ ၂၀၁၂ ခုနှစ်တွင် စတုတ္ထအကြိမ် ဂျီအမ်အက်စ်စီးပွားရေးစင်္ကြံ များဖိုရမ်၊ ၂၀၁၅ ခုနှစ်တွင် (၂၀) ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများအစည်းအဝေးနှင့် ၂၀၁၈ ခုနှစ်တွင် (၁၀) ကြိမ်မြောက် ဂျီအမ်အက်စ်စီးပွားရေးစင်္ကြံများဖိုရမ်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇွန်လတွင် (၆) ကြိမ်မြောက် ဂျီအမ်အက်စ်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် နိုဝင်ဘာတွင် (၅၂) ကြိမ်မြောက်ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးတို့ကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)