Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့၌ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့၌ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၄ ရက်၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong မှ မကြာသေးခင်က သမ္မတရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေး၌ အရေးပါအမှာစကား ပြောကြားခဲ့ရာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းသည် တရုတ်သံတမန်ဆက်ဆံရေး၏ မြင့်မြတ်သော ရည်မှန်းချက် ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့ကြောင်း၊ တန်းတူညီမျှဖြစ်ပြီး စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုတင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးပါအဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်မှ တိုးတက်မှုအသစ်များရရှိခဲ့ကြောင်း၊ “Belt and Road” ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် ခေတ်၏အနှစ်သာရသစ်များ တိုးများလာစေကြောင်း၊ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေး၏စိတ်ဓာတ်ကို ကျင့်သုံးပြီး တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံသည့် အစဉ်အလာကို ပြန့်ပွားစေမည်ဖြစ်ကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အိမ်နီးချင်း သံတမန်ဆက်ဆံရေးမူဝါဒကို လက်တွေ့ဖော်ဆောင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု ခိုင်ခံ့နက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သံရုံး ယဉ်ကျေးမှုဌာန၊ စီးပွားရေးဌာနတို့မှ လူငယ်သံတမန်များက တရုတ်-မြန်မာ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေး၊ စီးပွားရေးနှင့် ပြည်သူအကျိုးပြုပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုသည် သမိုင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူ့အကျိုးပြု လုပ်ငန်းများအတွက် ကူညီပေးမှုသည် အခြေခံအဆောက်အအုံ၊ သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချခြင်း၊ အများပြည်သူကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်၍ ချမ်းသာကြွယ်ဝလာခြင်း စသည့် ကဏ္ဍများပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှု၊ စီးပွားရေး၊ ပြည်သူ့အကျိုးပြု စသည့်ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသည့် လက်တွေ့ကျကျ အကျိုးကျေးဇူးများသယ်ဆောင်လာပေးကာ အတူတကွဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ကြပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းခဲ့ကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများနှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီးသည် ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရပြီး သတင်းတုသတင်းမှားများစွာ ပျံ့နှံ့နေကြောင်း၊ မီဒီယာများက တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အကြောင်းအရာများကို ပြန့်ပွားစေပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးထမ်းဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်၊ မြန်မာ့အလင်း၊ The Global New Light of Myanmar၊ စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ Myanmar Insider၊ One News စသည့် မြန်မာမီဒီယာပေါင်း ၁၀ ခုကျော် နှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာ ကိုယ်စားလှယ်များနှင့် သံရုံးမှ လူငယ်သံတမန်များအပါအဝင် စုစုပေါင်း လူ ၃၀ ခန့် တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.