Connect with us

Sino-Myanmar

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် အသေးစားဓာတ်အားပေးစနစ်စီမံကိန်းကို တိုင်းဒေသကြီး ၂ ခု၌ ၂၀၂၅ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်းဆို

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် အသေးစားဓာတ်အားပေးစနစ်စီမံကိန်းကို တိုင်းဒေသကြီး ၂ ခု၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လတွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။

ဦးမျိုးမျိုးက “ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်၊ ကံဆိပ်ကျေးရွာမှာ အသေးစားဓာတ်အားပေးရေးနဲ့ ရေရရှိရေး စီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင် ကျေးရွာမှာကျတော့ အသေးစားဓာတ်အားပေးစနစ်စီမံကိန်းနဲ့ ရေထွက်ကုန်ပစ္စည်းများအတွက် အအေးခန်းသိုလှောင်ရုံစီမံကိန်းကို ဆောင်ရွက်မှာပါ။ ဒီစီမံကိန်း ၂ ခုစလုံးကို ၂၀၂၅ ဩဂုတ်လမှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

နှစ်စဉ် လန်ချန်း-မဲခေါင် ရန်ပုံငွေကိုလျှောက်ထား၍ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောင်ရွက်သွားရန်ရှိကြောင်း ဦးမျိုးမျိုး၏ ပြောကြားချက်အရ သိရသည်။
“အသေးစားဓာတ်အားပေး စီမံကိန်းဖြစ်တဲ့အတွက် ဒီစီမံကိန်းနဲ့ သင့်လျော်တဲ့ နေရာတွေအတွက် အသင့်တော်ဆုံးဖြစ်နေတာကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး တို့ပဲဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ဌာနက ကျေးလက်မီးလင်းရေးကို ဆောင်ရွက်နေတဲ့ ဌာနတစ်ခုဖြစ်တယ်။ ဒီလုပ်ငန်းကလည်း ဌာနရဲ့ လုပ်ငန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီထဲမှာမှ နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောင်ရွက်နေတာရှိသလို နိုင်ငံတကာ အကူအညီတွေနဲ့ ဆောင်ရွက်နေတာတွေလည်းရှိပါတယ်။

အခုစီမံကိန်းကတော့ လန်ချန်း-မဲခေါင် အကူအညီနဲ့ ဆောင်ရွက်ဖို့ အတွက် ဒီတိုင်းဒေသကြီး ၂ ခုမှာ ဆောင်ရွက်ဖို့ တင်ပြထားပြီး အခုကတော့ စတင်တော့မှာဖြစ်ပါတယ်” ဦးမျိုးမျိုးက ဖြည့်စွက်ပြောကြားသည်။
လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများတွင် လျှပ်စစ်မီး ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးမျိုးမျိုးက “ လျှပ်စစ်မီးရရှိတဲ့အပေါ်မှာ မူတည်ပြီး ကျေးရွာတွေရဲ့ လူမှု၊ စီးပွား ဘဝတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကိုလည်း ရည်ရွယ်ပါတယ်။ ဒေသခံတွေအတွက်လည်း အရည်အသွေးမြင့်တဲ့ လျှပ်စစ်မီးရမယ်။ လျှပ်စစ်မီးအသုံးပြုပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးတွေကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လန်ချန်း-မဲခေါင် စီမံကိန်းက အရေးပါပါတယ်။ သူက ထောက်ပံ့ငွေပေးတာဖြစ်လို့ ငွေပြန်ဆပ်ဖို့ မလိုပါဘူး။ ပြည်သူတွေအတွက်လည်း အဆင်ပြေပါတယ်” ဟုပြောသည်။
ထို့အပြင် အသေးစား ဓာတ်အားပေးစနစ်နှင့် ရေထွက်ကုန် ပစ္စည်းများအတွက် အအေးခန်းသိုလှောင်ရုံစနစ် နှစ်မျိုးပေါင်းအတွက် အမေရိကန်ဒေါ်လာ ရှစ်သိန်း နှစ်သောင်းကျော်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် Quality ပြည့်သည့် လျှပ်စစ်မီး သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရေထွက်ကုန် ပစ္စည်းများအတွက် ယာယီသိုလှောင်ရန် အအေးခန်းစနစ်ကိုပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ကုန်ပစ္စည်းများအား မြို့ပေါ်သို့ အချိန်မီ မပို့နိုင်၍ ပျက်စီးသွားနိုင်သည့်အရေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ (Xinhua)