Connect with us

Politics

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ဒုတိယ သမ္မတ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား သီးခြားစီတွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရွှီချီလျန် နှင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရွှီချီလျန် (Mr. Xu Qiliang ) သည် မြန်မာ နိုင်ငံ သို့ လာရောက်သည့် ခရီးစဉ် အတွင်း မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား သီးခြားစီ တွေ့ဆုံ ခဲ့သည်။

မစ္စတာ ရွှီချီလျန် သည် စက်တင်ဘာ ၉ ရက်နေ့တွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်တလော ရက်ပိုင်းတွင် တရုတ် နိုင်ငံသို့ သွားရောက်လည်ပတ် ခဲ့ပြီး တရုတ် နိုင်ငံ ခေါင်းဆောင် များနှင့် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေး အတွက် အရေးပါသည့် သဘောတူညီမှု များရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး(Belt and Road Initiative) နှင့် လူသားအားလုံး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ၊ မြန်မာ နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ မြန်မာ နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ဆောင်ရွက်မှု တို့တွင် မြန်မာ နိုင်ငံ အစိုးရ နှင့် တူညီသော သဘောထား အမြင်များ ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ နှင့် အတူတကွ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရွှီချီလျန် နှင့် မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှလည်း မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူလူထု တို့၌ သမိုင်းကြောင်း ရှည်လျားသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန် စသည့် တရုတ် နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဖလှယ်ရေး နှင့် မြန်မာ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ၏ မြန်မာ နိုင်ငံ အပေါ် ကာလတစ်လျှောက် ကူညီထောက်ပံ့မှု များကို ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု များ အဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရွှီချီလျန် နှင့် မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်(ဆင်ဟွာ)

မစ္စတာ ရွှီချီလျန် သည် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်တွေ့ဆုံရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေဆက်စပ်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ နှစ်နိုင်ငံပြည်သူများသည် ရာသက်ပန် အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ ညီအစ်ကိုကောင်း၊ မိတ်ဆွေကောင်း အဖြစ် နေထိုင်မည် ဟု ပြောကြားခဲ့ကြောင်း ၊ ဤသည်မှာ အစဉ်အလာကြီးမားသော နှစ်နိုင်ငံဆက်ဆံရေးကို ထင်ဟပ်စေရုံ သာမက နှစ်နိုင်ငံတပ်မတော်၏ အနာဂတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု လားရာလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပေါ်တွင်ထားရှိသော ချစ်ကြည်ရင်းနှီးရေးမူဝါဒကို ဆက်လက်ထားရှိ သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်တွင်းရေးကို မစွက်ဖက်သောမူဝါဒကို ခိုင်မြဲစွာလက်ကိုင်ကာ မြန်မာနိုင်ငံ ပြည်သူများ ရွေးချယ်သော နိုင်ငံရေးလမ်းကြောင်းကို လေးစားကြောင်း ၊ တရုတ်တပ်မတော်သည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဆက်ဆံမှုများကို မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ မှလည်း မြန်မာနိုင်ငံသည် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကာလကြာရှည်ထားရှိသော နက်ရှိုင်းသည့် “ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးအား တန်ဖိုးထားကြောင်း၊ မြန်မာနိုင်ငံ ၏ လွတ်လပ်ရေး၊ နယ်မြေအချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား တရုတ်နိုင်ငံမှ ထောက်ခံခြင်း ၊ အကူအညီများပေးအပ်ခြင်းအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်သည် နှစ်နိုင်ငံဆက်ဆံရေးအား များစွာအလေးထားကြောင်း ၊ တရုတ်နိုင်ငံနှင့် အတူတကွကြိုးပမ်းကာ နှစ်နိုင်ငံ အရာရှိခေါင်းဆောင်များအကြား ဆက်ဆံဖလှယ်ရေး တိုးမြှင့်ပြီး ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံမှ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရေးအား တရုတ်နိုင်ငံ နှင့်အတူ ကြိုးပမ်းထိန်းသိမ်းရန် ဆန္ဒရှိပါကြောင်း၊ တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် ဆက်လက် အားပေးထောက်ခံ စေလိုပါကြောင်း ပြောကြားခဲ့သည်။

မစ္စတာ ရွှီချီလျန် သည် စက်တင်ဘာ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံရာတွင် ယခုနှစ်ပိုင်းတွင် နှစ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အစရှိသည့်ကဏ္ဍအသီးသီး၌် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် အောင်မြင်မှုများရရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာနှစ်နိုင်ငံ တပ်မတော်သည် “ဆွေမျိုးပေါက်ဖော်” စိတ်ဓာတ်ဖြင့် ပွင့်လင်းစွာဆက်ဆံကာ အပြန်အလှန် ရိုင်းပင်းကူညီပြီး ရင်းနှီးစွာပူးပေါင်းဆောင်ရွက်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တက်ကြွစွာ အကျိုးပြုခဲ့ကြောင်း၊ တရုတ်တပ်မတော်သည် မြန်မာတပ်မတော်နှင့် အတူ မဟာဗျူဟာဆက်ဆံမှုများတိုးမြှင့်ခြင်း၊ အပြန်အလှန်ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ သင်တန်းသားများ လေ့ကျင့်ပေးခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်ရေးများ ပြုလုပ်ခြင်း အစရှိသည့် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ကာ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ အနှစ်သာရကို ပြည့်ဝစေလိုကြောင်း ၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်သည် ငြိမ်းချမ်းစွာဆက်လက်ဆွေးနွေးခြင်းဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောလျင်စွာအကောင်အထည်ဖော်ခြင်းကို တရုတ်နိုင်ငံမှ အားပေးကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှလည်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ကာလတလျှောက်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် အမြဲတစေ အပြန်အလှန်လေးစားပြီး အားပေး ထောက်ခံကြောင်း ၊ နှစ်နိုင်ငံတပ်မတော်သည်လည်း ခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်လည်ပတ်ခြင်း၊ သင်တန်းသားများ လေ့ကျင့်ပေးခြင်း ၊ စက်ပစ္စည်းနည်းပညာများ အစရှိသည့် ကဏ္ဍများ၌ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း ၊ မြန်မာ့တပ်မတော်မှ တရုတ်တပ်မတော် ၏ ကာလတလျှောက် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်ခိုင်မာစေလိုပြီး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ကာ နယ်စပ်လုံခြုံရေးနှင့်တည်ငြိမ်ရေးကို တိုးမြှင့်စေလိုကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံဆွေးနွေးပွဲမစတင်မီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စတာ ရွှီချီလျန် ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုကာ ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။(Xinhua)