Connect with us

Politics

နည်းပညာ နှင့် သက်မွေး ပညာသင် ကျောင်းသား/သူ ၈၅ ဦး တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ဒုတိယ အသုတ် ပညာတော်သင် သွားရောက်

တရုတ်နိုင်ငံသို့ ပညာတော်သင် ထွက်ခွာမည့် ကျောင်းသား/သူများအား လိုက်ပါပို့ ဆောင်သူများနှင့် အတူ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ တွေ့ ရစဉ်(ဓာတ်ပုံ-MCFA)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံကြား နည်းပညာ နှင့် သက်မွေး ပညာသင် ကျောင်းသားများ စေလွှတ်ရေး အစီအစဉ် အရ နည်းပညာ နှင့် သက်မွေး ပညာသင် ကျောင်းသား/သူ ၈၅ ဦးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ဖေဖော်ဝါရီ ၂၇ ရက်တွင် ပညာတော်သင် သွားရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံတကာ ပညာရေး ဖလှယ်ရေး အသင်း(CEAIE) ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး(ဗဟို) တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အရ Tianjin Sino-German University of Applied Science ၊ Chongqing Industry & Trade Polytechnic ၊ Chongqing Three Gorges Vocational College ၊ Wuhan Polytechnic ၊ Nanjing Institute of Industry Technology ၊ Suzhou Health College နှင့် Zhejiang Institute of Mechnical & Electrical Engineering,Hangzhou တို့တွင် နည်းပညာ နှင့် သက်မွေး ပညာရပ်များ သွားရောက် သင်ယူနိုင်ရေး အတွက် ပညာတော်သင် ကျောင်းသား/သူများအား စိစစ် ရွေးချယ်၍ အရည်အချင်းစစ် စာမေးပွဲ ဖြေဆို အောင်မြင်သူများအား စေလွတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ဒုတိယ အသုတ်တွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ-နိုင်ငံခြား တိုင်းပြည်များနှင့် ချစ်ကြည်ရေး အသင်း(CPAFFC) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) နှင့် ရန်ကုန်မြို့တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးတို့ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပညာရေး ဝန်ကြီးဌာန (မန္တလေး တက္ကသိုလ် နှင့် အစိုးရ နည်းပညာ ကောလိပ် ၊ စက်မှုလက်မှု သိပ္ပံ ၊ နည်းပညာ အထက်တန်းကျောင်းများ) ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန (မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေး တက္ကသိုလ် ၊ ရေဆင်း ) နှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန(ဆေးဝါး တက္ကသိုလ် ၊ ရန်ကုန်)တို့မှ ဒုတိယ အသုတ် ကျောင်းသား/သူများအား စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုသွားရောက်ခဲ့သည့် ပညာသင် ကျောင်းသား/သူများအား ပညာရေး ဝန်ကြီးဌာန ကိုယ်စား နည်းပညာ ၊ သက်မွေး ပညာ နှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့် ၊ သက်ဆိုင်ရာ တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံများမှ ပါမောက္ခချုပ် ၊ ပါမောက္ခ နှင့် ကျောင်းအုပ်ကြီးများ ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး နှင့် သံရုံး အဖွဲ့ဝင်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း နှင့် အလုပ်အမှုဆောင်များ နှင့် မိဘအုပ်ထိန်းသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

ပထမ အသုတ် အနေဖြင့် ၂၀၁၆ ခုနှစ် မေလအတွင်းက ကျောင်းသား/သူ ၈၇ ဦးတို့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့သွားရောက် ခဲ့ကြပြီး နန်ကျင်း ၊ ယန်ကျိုး ၊ ထိုက်ကျိုး နှင့် ချန်ကျိုး မြို့များရှိ တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ များတွင် နည်းပညာ နှင့် သက်မွေး ပညာရပ်များကို လေ့လာ သင်ယူလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.