Connect with us

Social

အစိုးရသစ် လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး ပိုမို ကောင်းမွန်လာရန်သာရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ဆင်ဟွာ နှင့် တွေ့ဆုံ ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

လာမည့် အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ပိုမို ကောင်းမွန်လာရန်သာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ယနေ့မတ် ၈ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာထဲက နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် မပျက်မစီး တည်ရှိနေခဲ့ကြောင်း ၊ ယခု ဆက်ဆံရေး အခြေအနေမှာ လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မှု ၅ ချက်အပေါ် အခြေခံထားပါကြောင်း NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောသည်။

ယခု အစိုးရလက်ထက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သွားရောက်ခဲ့ခြင်းများ ရှိခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး အကြိမ် အဖြစ် ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက လေးရက်ကြာ သွားရောက်ခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖိန် ၊ ဝန်ကြီးချုပ် လီခဲ့ချန် အပါအဝင် တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အနာဂတ်အတွက် အလားအလာကောင်းများ ရရှိခဲ့သည့် ခရီးတစ်ခု ဖြစ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် တရုတ်ပြည် ခရီးစဉ် အတွင်း တွေ့ဆုံဆွေးနွေးမှုများအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် လက်ထက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ထူးခြားသည့် မှတ်တိုင် တစ်ခု ဖြစ်ကြောင်း မုံရွာအောင်ရှင် သုံးသပ် ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တရုတ်နိုင်ငံသို့၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် သွားရောက်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ၏ လူမှုရေး ၊ စီးပွားရေး ဖွံ့ဖြိုးမှုများ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားရန် ၊ စီးပွားရေး ၊ ကုန်သွယ်ရေး ၊ ယဉ်ကျေးမှုနယ်ပယ်နှင့် နယ်စပ်ဒေသများတွင် ရင်းနှီးဖလှယ်မှုများ ပြုလုပ်ရန် သဘောတူညီမှုများ ရှိခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ အမြင့်ဆုံး နေရာတွင် ရှိနေပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလ အထိ ရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅.၂၇၄ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.