Connect with us

Social

ဆရာမကြီး ဒေါ်ဇင်ခိုင်ရန်ပုံငွေမှ လွှဲပြောင်း အပ်နှံထားသည့် ပညာသင် ထောက်ပံ့ငွေများအား ကျောင်းသား/သူ များထံသို့မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ချီးမြှင့်ပေးအပ်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်တို့အား ပညာသင်ထောက်ပံ့ကြေးငွေရရှိသော

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သည် ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးမှ ပညာရည် ထူးချွန် ထက်မြက်ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူများအား ပညာသင် ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်ပွဲအား ယနေ့မတ် ၆ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ တရုတ်ကုန်သည်များ အသင်းရုံး၌ ပြုလုပ်ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ယခု အခမ်းအနားသည် မြန်မာ နှင့် တရုတ် ချစ်ကြည်ရေး တိုးတက် ခိုင်မာရေး အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ အတွင်းရှိ ပညာထူးချွန်သည့် ကျောင်းသား/သူများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးရန် ဆရာမကြီး ဒေါ်ဇင်ခိုင်၏ ပညာရေး ရန်ပုံငွေ ပေးအပ်သည့် အခမ်းအနား ဖြစ်ပါကြောင်း ၊ ပညာရေး ထောက်ပံ့သည့် အခမ်းအနားဟု ယူဆ၍ ရသော်လည်း အကျိုးရလဒ် အားဖြင့် ပညာရည် ထူးချွန်သည့် ကလေးများ၏ လိုအပ်ချက်ကို ဖြည့်တင်းပေးသည့် အတွက် အနာဂတ်တွင် မြန်မာနိုင်ငံတွင် ထူးချွန်သည့် ကျောင်းသားများ ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပြီး ခိုင်မြဲ တည်တံ့အောင် ဆောင်ရွက်မည့် ဆောင်ရွက်ချက်များကို သိရှိစေလိုသည့် ရည်ရွယ်ချက်များလည်း ပါဝင်ပါကြောင်း ၊ အနာဂတ် လူငယ်များအား ပြုစု ပျိုးထောင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင် ဖော်ထုတ်ပေးသည့် ပွဲလည်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားပြီး ဆရာမကြီး ဒေါ်ဇင်ခိုင်၏ အကြောင်းအား ချီးကျူးဂုဏ်ပြုစကားများအား ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကဂုဏ်ပြုအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆရာမကြီး ဒေါ်ဇင်ခိုင် ဖောင်ဒေးရှင်းမှ ပညာရေး ထောက်ပံ့လှူဒါန်းမှုများသည် ကူညီထောက်ပံ့မှု စိတ်ကောင်း စေတနာများကို ဖော်ပြနေရုံသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နက်ရှိုင်းသည့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ဖော်ပြနေပါကြောင်း ၊ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာ ချစ်ကြည်ရေး အတွက် စံပြ ဖြစ်သကဲ့သို့ပညာရေး ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ၊ လူမှုရေး လုပ်ငန်းများ အတွက် အထောက်အကူ အားပေးမှုများလည်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားပြီးနောက် ဆရာမကြီး ဒေါ်ဇင်ခိုင်၏ ဆောင်ရွက်ချက်များအား ဂုဏ်ပြု ချီးကျူးစကားများ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် က ဂုဏ်ပြုအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ထို့ပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးအား ဂရုစိုက် ဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ပညာရေးသည် တရုတ်-မြန်မာ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှု၏ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း ၊ နောင်တွင် တရုတ်-မြန်မာ ပညာရေး ဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးအား တွန်းအားပေးမည် ဖြစ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် ၂ နိုင်ငံ ပြည်သူ လူထု အကျိုးပြုစေရန် စဉ်ဆက်မပြတ် ကြိုးစား သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပညာထူးချွန်ပြီး အဆင့်မြင့်ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသားတစ်ဦးအား ပညာသင်ထောက်ပံ့ငွေပေးအပ်စဉ်(ဆင်ဟွာ)

ထိုနောက် တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄) ခုမှ ပညာထူးချွန်ပြီး အဆင့်မြင့် ပညာ သင်ယူရန် ငွေကြေး အခက်အခဲရှိသည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား (၁ဝ၆)ဦးအား ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပညာသင် ထောက်ပံ့ကြေး (၃) သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၃၁,၈၀၀,၀၀၀ သိန်း ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် က ပညာထူးချွန်ပြီး အဆင့်မြင့်ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသားတစ်ဦးအား ပညာသင်ထောက်ပံ့ငွေပေးအပ်စဉ်(ဆင်ဟွာ)

ထို့အပြင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ကျောင်းသား/သူများအား တစ်ဦးလျှင် ဗလာစာအုပ် ၂ ဒါဇင်စီဖြင့် စုစုပေါင်း ၂၁၂ ဒါဇင်အား လည်းကောင်း ၊ အခမ်းအနားသို့တက်ရောက်လာသူများအား ကျောင်းသား/သူများ၏ ကိုယ်ရေး ရာဇဝင် စာအုပ်များအား လည်းကောင်း နှင့် တရုတ်ပြည် ဖွံ့ဖြိုး တိုးတက်မှုအား ရေးသားထားသော ဝေးဝေးကြည့် မြင့်မြင့် ပျံသန်းနိုင်ခဲ့သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဆိုသည့် စာအုပ်များအား လည်းကောင်း စုစုပေါင်း တန်ဖိုးအားဖြင့် ငွေကျပ် ၉၅၈,၀၀၀ တန်ဖိုးရှိ စာအုပ်များအား ပေးအပ်ခဲ့သည်။

ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုနောက် ပညာသင် ထောက်ပံ့ကြေး လက်ခံ ရရှိခဲ့သည့် ရန်ကုန် နည်းပညာ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား မောင်ဟိန်းထက်လင်းက ယခုလို ပညာသင်ကြားရေး အတွက် ငွေကြေး အခက်အခဲ ရှိသည့် ကျောင်းသား/သူများအား နှစ်စဉ်နှစ်တိုင်း လှူဒါန်း ထောက်ပံ့ပေးခဲ့သည့် ဆရာမကြီး ဒေါ်ဇင်ခိုင်နှင့် အဖွဲ့ဝင်များကို ကျောင်းသား/သူများမှ ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်သူများ ဖြစ်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံတွင် နေထိုင်လျက် ရှိသော မြန်မာပြည်ဖွား ကျောင်းဆရာမကြီး ဒေါ်ဇင်ခိုင်က မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပညာရည် ထူးချွန် ထက်မြက်ပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား ၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ငွေ ပေးအပ်ရန် ချီးမြှင့် ထောက်ပံ့ လှူဒါန်းငွေများအား အငြိမ်းစား ဆရာမကြီး ဒေါ်ဇင်ခိုင်က ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာစဉ် အခမ်းအနား ပြုလုပ်၍ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ထံသို့လွှဲပြောင်း အပ်နှံခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အငြိမ်းစားပါမောက္ခ တစ်ဦး ဖြစ်ပြီး အသက် (၈၈) နှစ် ရှိ၍ ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေအား ၂၀၁၃ ခုနှစ် မတ်လတွင် ထူထောင်ခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ၏ မျိုးရိုးမှာ တရုတ်နိုင်ငံ ဖူကျင့် ပြည်နယ် ဖြစ်သည်။ ဆရာမကြီးသည် မြန်မာနိုင်ငံတွင် မွေးဖွား၊ ကြီးပြင်းကာ ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့ပညာရရှိခဲ့သည်။

ပေကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ၂ဝ၁၃ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ချီးမြှင့်သည့် “သဒ္ဓမ္မ ဇောတိကဓဇဘွဲ့” ကိုရရှိခဲ့သည်။ ဆရာမကြီး၏ ပညာသင်ကြားရေး၊ အများကောင်းကျိုး ဆောင်ရွက်ခြင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး စသည့်ဘက်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် “သဒ္ဓမ္မဇောတိက ဓဇဘွဲ့” ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ မြန်မာနိုင်ငံ တစ်ဝန်းရှိ ပညာထူးချွန် ပြီး ငွေကြေး အခက်အခဲ ရှိသော ကျောင်းသူ ကျောင်းသားများအား အဆင့်မြင့် တက္ကသိုလ် ပညာရပ်များ ဆက်လက်သင်ကြား နိုင်ရန် ထောက်ပံ့မှုများကို ပထမအကြိမ်အဖြစ် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် လည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ တွင်လည်းကောင်း ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.