Connect with us

Social

အရည်အချင်းပြည့်မီ အင်ဂျင်နီယာပညာရှင်များ တရုတ်-မြန်မာ နှစ်ဘက် အပြန်အလှန်အသိအမှတ်ပြုအစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ရန်ကုန်မြို့ တွင် ကျင်းပ 

အရည်အချင်းပြည့်မီ အင်ဂျင်နီယာပညာရှင်များ တရုတ်-မြန်မာ နှစ်ဘက် အပြန်အလှန်အသိအမှတ်ပြုမှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အရည်အချင်းပြည့်မီ အင်ဂျင်နီယာပညာရှင်များ တရုတ်-မြန်မာ နှစ်ဘက် အပြန်အလှန်အသိအမှတ်ပြုအစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၄ ရက်) ညနေပိုင်းက ရန်ကုန်မြို့ အင်ဂျင်နီယာ ကောင်စီရုံး Function Hallခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်ကို  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ (MEngC)နှင့်  တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာအသင်း(CAST)တို့ အကြား သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ်ရာ အခမ်းအနားကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်မှ အခမ်းအနားအဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံစီးပွားရေးတိုးတက်ပြောင်းလဲမှုအခြေအနေကောင်းမွန်လာရာတွင် အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်းများတိုးတက်လာရာ ပြည်တွင်းပြည်ပ အင်ဂျင်နီယာများ ၊ အသင်းအဖွဲ့များ အာဏာပိုင်များနှင့် ပူးပေါင်းချိတ်ဆက်၍ စနစ်တကျ ထိန်းကျောင်းကြပ်မတ်ပေးရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ အင်ဂျင်နီယာပညာရှင်များ အပြန်အလှန်စိစစ်အသိအမှတ်ပြုမှတ်ပုံတင်ပေးခြင်းသည် နိုင်ငံနှင့် အင်ဂျင်နီယာထုအတွက်ပါ အကျိုးများစွာ ဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်မှ အခမ်းအနား အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်ကလည်း တရုတ်-မြန်မာနှစ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ၊ စီးပွားရေးစင်္ကြန်ကို အတူ လက်တွဲ တည်ဆောက်ရာတွင်  ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်တိုးတက်မှုများရရှိလာရာ အင်ဂျင်နီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်လာကြောင်း၊တရုတ်-မြန်မာ သိပ္ပံနှင့်နည်းပညာ ကျွမ်းကျင်အဖွဲ့အစည်းများက  နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများစည်းကမ်းသတ်မှတ်ချက် စံချိန်စံညွှန်းများအရ အင်ဂျင်နီယာစွမ်းရည်အကဲဖြတ် ပူးပေါင်းဆောင်ရွက်မှုသည် စွမ်းရည်နှင့်အရည်အချင်းကို တိုးမြှင့်စေနိုင်မည်ဖြစ်ပြီး အင်ဂျင်နီယာ အရည်အချင်း အပြန်အလှန်အသိအမှတ်ပြုမှုကို ဖော်ဆောင်ခြင်းသည် နှစ်နိုင်ငံ လူရည်ချွန်ကဏ္ဍ ဖလှယ်မှု၊ ဆောက်လုပ်ရေးတည်ဆောက်မှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ တိုးတက်စေရန် တွန်းအားဖြစ်စေမည်ဖြစ်ကြောင်း ဆိုသည်။ 

MEngC ဥက္ကဋ္ဌဒေါက်တာ ချာလီသန်းမှ အခမ်းအနား အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ထို့နောက် MEngC ဥက္ကဋ္ဌဒေါက်တာ ချာလီသန်းနှင့်  CAST ဒုတိယဥက္ကဋ္ဌ မုန့်ချင်းဟိုင်(Meng Qinghai) တို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီး နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ဤကဲ့သို့လက်မှတ်ရေးထိုးခြင်းအားဖြင့် အင်ဂျင်နီယာပညာရှင်များကို CASTနှင့် MEngCတို့မှ စိစစ်ထောက်ခံပြီး တစ်ဖက်မှ အသိအမှတ်ပြု နိုင်ငံခြားသား အင်ဂျင်နီယာ ပညာရှင်လက်မှတ်များ ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

CAST ဒုတိယဥက္ကဋ္ဌ မုန့်ချင်းဟိုင်မှ အခမ်းအနား အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

အရည်အချင်းပြည့်မီ အင်ဂျင်နီယာပညာရှင်များ တရုတ်-မြန်မာ နှစ်ဘက် အပြန်အလှန်အသိအမှတ်ပြုအစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ (MEngC)နှင့်  တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာအသင်း(CAST)တို့သည် အာရှပစိဖိတ်ဒေသ အင်ဂျင်နီယာအသင်းချုပ်(FEIAP)၊ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့ချုပ် (WFEO)၊ နိုင်ငံတကာ အင်ဂျင်နီယာ မဟာမိတ်အဖွဲ့(IEA)တို့တွင် အဖွဲ့ဝင်များဖြစ်သည့်အတွက် အပြန်အလှန် အသိအမှတ်ပြုမှု၊ စဉ်ဆက်မပြတ်ညှိနှိုင်းဆောင်ရွက်မှု ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာ အင်ဂျင်နီယာ ပညာရှင်များ အသိအမှတ်ပြု ဆိုင်ရာ သဘောတူညီမှု  (International Mutual Recognition Agreements for Engineering)တွင် Washington Accord ၌ CASTက လုပ်ပိုင်ခွင့်အပြည့်ရှိအဖွဲ့ဝင် (Full Signatory)ဖြစ်ပြီး MEngCက အရံအဖွဲ့ဝင် (Provisional Signatory)ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.