Africa & Middle East
နိုင်ဂျီးရီးယားတွင် ဆီတင်ကားပေါက်ကွဲမှုကြောင့် ယာဉ် အစီး ၆၀ ပျက်စီးကာ လူအများအပြားသေဆုံး
အဘူဂျာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ စီးပွားရေးမြို့တစ်မြို့ဖြစ်သည့် လာဂို့စ်မြို့ ၌ ဇွန် ၂၈ ရက် ညနေပိုင်းက ယာဉ်ကြောပိတ်ဆို့နေစဉ် လောင်စာဆီတင်ကားတစ်စီး ပေါက်ကွဲခဲ့ရာ မော်တော်ယာဉ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး လူများစွာ သေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းတစ်ခု ၌ ဖော်ပြခဲ့သည်။
လောင်စာဆီတင်ကား သည် လာဂို့စ်မြို့မှ အထွက် နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဒေသရှိ ၁၂၇ကီလိုမီတာ ရှည်လျားသော လာဂို့်စ်-အီဗာဒန် အဝေးပြေးလမ်းမ သို့ ဦးတည်မောင်းနှင်နေစဉ် တံတားတစ်စင်းပေါ်၌ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း Channels Television က ယာဉ်သွားလမ်း ၂ဖက်စလုံးတွင် ယာဉ်ကြောပိတ်ဆို့နေပြီး အခင်းဖြစ်ပွားရာရှိ တာဝန်ရှိသူများက မီးထိန်းနိုင်ရန် နှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ မီးများတောက်လောင်နေသည့်ကြားတွင် ကားများအတွင်း လူများစွာ ပိတ်မိနေခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေကြောင်း ယင်းဖြစ်ရပ်အား မြင်တွေ့ခဲ့သည့် ဘတ်စ်ကားယာဉ်မောင်း Gbolahan Adebisi ကပြောကြားခဲ့သည်။
ဒေသခံ အရေးပေါ်ဌာနတာဝန်ရှိသူများက ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် အစီး ၆၀ မီးလောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)