Africa & Middle East
လစ်ဗျားတွင် အီတလီ သံရုံး ပြန်ဖွင့်
ထရီပိုလီ၊ ဇန်နဝါရီ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တွင် လစ်ဗျားနိုင်ငံဆိုင်ရာ အီတလီ သံရုံးအား တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း အီတလီနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Marco Minniti က ဇန်နဝါရီလ ၉ ရက်က ပြောကြားလိုက်ရာ လစ်ဗျားနိုင်ငံ၌ ပထမဆုံးအကြိမ် ပြန်လည် ဖွင့်လှစ်သော ပြည်ပ သံရုံးလည်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီး မိုမက် ဆာယာလာနှင့် လစ်ဗျားနိုင်ငံ မြို့တော်တွင် တွေ့ဆုံပြီးနောက် အဆိုပါ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လစ်ဗျားနိုင်ငံဆိုင်ရာ အီတလီ သံအမတ်အား ဇန်နဝါရီလ ၁၀ ရက်တွင် ခန့်အပ်လွှာများ ပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Minniti က ပြောသည်။
ဝန်ကြီး နှစ်ဦးက အထူးသဖြင့် လစ်ဗျားတွင် တည်ငြိမ်မှု ရှိရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စသည်တို့ အပါအဝင် နှစ်ဦးနှစ်ဘက် ဆက်ဆံရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အထူးသဖြင့် စီးပွားရေးနှင့် ဝန်ဆောင်မှု နယ်ပယ်များ၌ အီတလီ-လစ်ဗျား ဆက်ဆံရေး အရေးပါပုံကို Minniti က အလေးထား ပြောကြားခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲ၌ တရားမဝင် ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးခြင်းများအား ဆန့်ကျင် တိုက်ဖျက်ခြင်း၊ ပင်လယ်မှ တဆင့် လစ်ဗျားမှ အီတလီသို့ လောင်စာဆီ မှောင်ခို တင်သွင်းခြင်း စသည်တို့အား တိုက်ဖျက်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူထားကြောင်း လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။
၂၀၁၁ ခုနှစ်တွင် လစ်ဗျားနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် မငြိမ်မသက် ဖြစ်ပွားသည့် အခြေအနေများ ကြောင့် ပြည်ပ ကုမ္ပဏီပေါင်းများစွာ ထွက်ခွာသွားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြို့တော် ထရီပိုလီတွင် ပြိုင်ဘက် စစ်သွေးကြွ အုပ်စုများအကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လစ်ဗျားနိုင်ငံရှိ ပြည်ပ သံရုံးများ ထွက်ခွာခဲ့ကြောင်း သိရသည်။ (Xinhua)