Africa & Middle East
အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် ပစ်ခတ်မှုကြောင့် အရပ်သား ၄ဦး သေဆုံး

အာဖဂန်နစ္စတန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်ရှိ ဗလီတစ်ခု တွင် ဝတ်ပြုသူများအား သေနတ်သမားများက ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၄ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၇ ရက်တွင်ပြောကြားခဲ့သည်။
Mandozayi ခရိုင် Lalmayi ဒေသရှိ Kamal Khil ဗလီ ၌ ဇွန် ၆ ရက်တွင် သေနတ်သမားများသည် ဗလီအတွင်းသို့ ဝင်ရောက်ကာ ဝတ်ပြုနေသူများအား ပစ်ခတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Talib Mangal က ဆင်ဟွာသို့ပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားများသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးလွတ်မြောက်သွားပြီး ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း ၎င်းကပြောကြားခဲ့သည်။
ယင်းသို့ တိုက်ခိုက်ရခြင်းအကြောင်းရင်းနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။
၂၀၁၇ခုနှစ်တွင် ပဋိပက္ခများ နှင့် ဆက်စပ်နေသော ဖြစ်စဉ်များကြောင့် အရပ်သား ၃,၄၃၀ဦး ကျော် သေဆုံးခဲ့ပြီး အခြားလူ ၇,၀၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့၏ စာရင်းအချက်အလက်များအရ သိရသည်။ (Xinhua)