Africa & Middle East
အီရန် အမြင့်ဆုံးခေါင်းဆောင် က အမေရိကန် နိုင်ငံ ၏ ဖိအား ပေးမှု ကို ဆက်လက် ခုခံသွားရန် ပြောကြား
တီဟီရန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) က ဇွန်လ ၄ ရက် ၌ တီဟီရန် မြို့ တွင် ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ခုတွင် ပြည်သူလူထု များအား အမေရိကန် နိုင်ငံ ဆောင်ရွက်နေသည့် ဖိအားပေးမှုများကို ဆက်လက်၍ ခုခံသွားကြရန် တိုက်တွန်းခဲ့သည်။
အလီ ခါမေနီ က အီရန် နိုင်ငံ ၏ ခုခံဆောင်ရွက်မှု မူဝါဒ က အောင်မြင်မှု ရရှိနိုင်ခဲ့ပြီး ဖိနိပ်မှု ခံရသည့် အခြား နိုင်ငံများ အတွက်လည်း အားပေးမှု ဖြစ်စေခဲ့ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် ဖိအားပေးမှု အောက်၌ ကဏ္ဍ အသီးသီး တိုးတက်မှု ရရှိနိုင်ခဲ့ပြီး လက်ရှိချိန်တွင် စစ်ရေး အရလည်း မိမိ နိုင်ငံ ကို ခုခံ နိုင်စွမ်း ရှိသည့် အင်အား ရရှိနိုင်ခဲ့ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ပြောဆိုနေသည့် ဆွေးနွေးမှု အပေါ် ဂရုပြုရန် မလိုအပ်ဘဲ ၎င်းတို့၏ ရည်ရွယ်ချက် က အီရန် အရှုံးပေးရန် သာ ဖြစ်ကြောင်း ၊ ခုခံမှု က ပေးဆပ်ရမည် ဖြစ်သော်လည်း အရှုံးပေးခဲ့ပါက ပိုမို ပေးဆပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က ဇွန်လ ၂ ရက် ၌ ဆွစ်ဇာလန် နိုင်ငံ သို့ သွားရောက် လည်ပတ်စဉ် အတွင်း အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ နှင့် ကန့်သတ်ချက်မဲ့ ဆွေးနွေးမှု ဆောင်ရွက်သွားလိုသော်လည်း ဖိအားပေးမှု ကို ဖြေလျော့ပေးမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပြောဆိုချက် နှင့် ပတ်သက်၍ အီရန် နိုင်ငံခြားရေး ဝန်ကြီး က ၎င်းတို့ အနေဖြင့် စာပေ အသုံးအနှုန်း ကစားပွဲ ပြုလုပ်နေခြင်း သာဖြစ်သောကြောင့် အီရန် နိုင်ငံ မှ မည်သည့် တုန့်ပြန်ဆောင်ရွက်မှု မှ ပြန်လည် ပြုလုပ်ရန် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ က ယခင် နှစ် မေလ တွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် စာချုပ် မှ တစ်ဖက်သက် နုတ်ထွက် ခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက် ခဲ့ကြောင်း ၊ လတ်တလော ကာလ အတွင်း အမေရိကန် နိုင်ငံ က အီရန် နိုင်ငံ အပေါ် ဖိအားပေး ဆောင်ရွက်မှု အသစ်များ အဆက်မပြတ် ဆောင်ရွက် ခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသ သို့ စစ်အင်အားများ တိုးချဲ့ စေလွှတ် ခဲ့ကြောင်း ၊ သို့သော် လက်ရှိချိန်ထိ အီရန် နိုင်ငံ အတွင်းရှိ ကုန်ဈေးနှုန်း နှင့် ငွေလဲလှယ်မှုနှုန်းထား က တည်ငြိမ်မှု ရှိပြီး အီရန် နိုင်ငံ စီးပွားရေး နှင့် လူနေမှု အတွက် ထိရောက်သော သက်ရောက်မှု မဖြစ်ပွား စေခဲ့ကြောင်း သိရှိရသည်။(Xinhua)