Africa & Middle East
ဆီးရီးယား တွင် အစိုးရတပ်သား အများအပြားသေဆုံးမှုအတွင်း စွပ်စွဲပြစ်တင်မှုများဖြစ်ပွား
ဒမတ်စကက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ် တွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းမဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယား အစိုးရ တပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
သို့သော် ရုရှား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက သေဆုံးသူ ဆီးရီးယား အစိုးရစစ်သားဦးရေ သည် ၆၂ဦးအထိရှိကြောင်း ပြောကြားခဲ့သည်။
ပင်တဂွန်စစ်ဋ္ဌာနချုပ်က IS စစ်သွေးကြွအုပ်စုအား တိုက်ခိုက်နေသော ညွှန့်ပေါင်းမဟာမိတ်တပ်ဖွဲ့ သည် ဆီးရီးယားအစိုးရတပ်ဖွဲ့များအား မရည်ရွယ်ဘဲ တိုက်ခိုက်မိခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။
ပင်တဂွန်၏ ထုတ်ပြန်ချက်၌ ညွှန့်ပေါင်းတပ်ဖွဲ့က ဆီးရီးယားတပ်ဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မှားယွင်းကာ တိုက်ခိုက်မိခြင်းဖြစ်ကြောင်း ပါရှိသည်။
ညွှန့်ပေါင်းတပ်ဖွဲ့တိုက်ခိုက်နေသော ပစ်မှတ်သည် ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ စစ်သုံးယာဉ်များ ဖြစ်နိုင်ကြောင်း ရုရှားတာဝန်ရှိသူများက မဟာမိတ်တပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီးနောက် တိုက်ခိုက်မှုအား ချက်ချင်းရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကမူ အမေရိကန်ဦးဆောင်သော မဟာမိတ်လေတပ်၏ တိုက်ခိုက်မှုကြောင့် အစိုးရတပ်သား ၆၂ဦး သေဆုံးခဲ့မှုသည် IS စစ်သွေးကြွအုပ်စုအား အမေရိကန်နိုင်ငံက အထောက်အပံ့ပေးနေခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က စွပ်စွဲပြောဆိုခဲ့သည်။
မဟာမိတ်လေတပ်သည် ဆီးရီးယားနိုင်ငံ ၏ လေပိုင်နက်အတွင်းသို့ အီရတ်နိုင်ငံ နယ်စပ်မှ ဝင်ရောက်လာခြင်းဖြစ်သည်။ (Xinhua)