Africa & Middle East
တန်ဇန်းနီးယား ကျောင်းကားတိမ်းမှောက်မှု လူ ၃၁ဦးထက်မနည်းသေဆုံး

အရူရှာ၊ မေ ၇ ရက် (ဆင်ဟွာ)
တန်ဇန်းနီးယားနိုင်ငံ တွင် မေ ၆ ရက် က ကျောင်းကားတစ်စီး တောင်ကြားထဲသို့ ထိုးကျခဲ့ရာ ကျောင်းသားများ နှင့် ဆရာ ၃ဦး အပါအဝင် လူ ၃၁ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့သူ ကျောင်းသားများ နှင့် ဆရာ ၃ဦးမှာ တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်း ဆာဖာရီမြို့တော် အရူရှာ၏မြို့စွန်ဒေသရှိ Lucky Vincent အင်္ဂလိပ်စကားပြော မူလတန်းကျောင်းမှ ဖြစ်ကြကြောင်း သိရသည်။Karatu ခရိုင်ကော်မရှင်နာ Theresia Mahongo က အရူရှာမြို့မှ ၁၅၀ကီလိုမီတာ အကွာ တွင် တည်ရှိသော Marera တောင်ကြားထဲသို့ ကျောင်းကား ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်း တောင်ကြားသည် တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်းမှ ခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သော Ngorongora မီးတောင်ထိပ်ဝ နှင့် Serengeti သဘာဝဘေးမဲ့ဥယျာဉ်သို့ သွားရာ အဓိက ဝင်ပေါက်ဖြစ်ကြောင်း သိရသည်။
Mahongo ၏ပြောကြားချက်အရ ကျောင်းကားပေါ်တွင် လူ ၃၅ဦး လိုက်ပါလာပြီး အများစုမှာ ကျောင်းသားများနှင့်ဆရာများဖြစ်ကြောင်း ဒေသစံတော်ချိန် နံနက် ၇နာရီ တွင် အရူရှာမြို့မှ Karatu မြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။ကျောင်းကားပေါ်တွင် လိုက်ပါလာသော ကျောင်းသားများ သည် ခရိုင်အတွင်းရှိ အခြားကျောင်းများမှ ကျောင်းသားများ နှင့် ယှဉ်ပြိုင်ကာ စာမေးပွဲဖြေဆိုကြရန်ဖြစ်ကြောင်း ခန့်မှန်းရပြီး စာမေးပွဲများအပြီးတွင် Ngorongora မီးတောင်ထိပ်ဝ သို့ လေ့လာရေးခရီးသွားရောက်ရန် စီစဉ်ထားခဲ့ကြကြောင်း နောက်ပိုင်းသတင်းများအရ သိရသည်။သို့သော် ကျောင်းကားသည် Rhotia Hill မြို့ကို ဖြတ်ကျော်လာပြီးနောက် Kwa-Karani ဟုလူသိများသည့် လမ်းပိုင်းတွင် အရှိန်ဖြင့် ကုန်းဆင်းလာရင်း အရှိန်လွန်၍ Karatu ခရိုင် ရှိ Marera မြစ်နှင့် ကပ်လျက် တောင်ကြားထဲသို့ ဇောက်ထိုးပြုတ်ကျခဲ့ကြောင်း သိရသည်။
အရူရှာဒေသဆိုင်ရာ ရဲမှူး (RPC) Charles Mkumbo က ယာဉ်မတော်တဆမှုအား အတည်ပြုပေးခဲ့ပြီး သေဆုံးသူ နှင့်အသက်ကျန်ရစ်သူ အရေအတွက် အတိအကျကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။၎င်းက ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက် အတိအကျကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)