Africa & Middle East
တူရကီတွင် ဝက် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ဦးရေ ၈ ဦး အထိရှိလာ

အန်ကာရာ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ယခု နှစ်ဆန်းပိုင်းတွင် တူရကီတွင် ဝက်တုပ်ကွေး ကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၈ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း တူရကီ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဋ္ဌာန ဝန်ကြီး မန်မတ် မျူအက်ဇင်နိုဂလူ (Mehmet Muezzinoglu) က ဇန်နဝါရီလ ၅ ရက်က အတည်ပြု ပြောကြားလိုက်သည်။
ရောဂါပိုး ကူးစက်ခံရသူ ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင် တစ်ဦးတို့မှာ ရောဂါပိုး ကူးစက်မခံရမီ ဖျားနာရက် တာရှည်ခဲ့ပြီး အခြား ကျန်းမာရေး ပြဿနာ မရှိခဲ့ကြောင်း ပါလီမန်၌ ဝန်ကြီးက ပြောခဲ့သည်။
ဆီးရီးယား လူမျိုးနှစ်ဦး အပါအဝင် သုံးဦးမှာ တူရကီ တောင်ပိုင်း အဒါနာ ပြည်နယ်တွင် ဇန်နဝါရီလ ၃ ရက်က ဝက်တုပ်ကွေး ကူးစက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။
၂၀၁၅ ခုနှစ် ကလည်း ဝက်တုပ်ကွေးကြောင့် သေဆုံးသူ ၃၀ ဦး ရှိခဲ့သည်။
ဝက်တုပ်ကွေး ဟု လူသိများသည့် H1N1 တုပ်ကွေး ဗိုင်းရပ်စ်ပိုးသည် ၂၀၀၉ ခုနှစ်တွင် မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာအနှံ့ ကပ်ရောဂါ အဖြစ် ကူးပြောင်း လာခဲ့သည်။ ယင်းဗိုင်းရပ်စ်ပိုးသည် ဝက်မှ တဆင့် လူသို့ စတင် ကူးစက်ခြင်း ဖြစ်ပြီး လူအချင်းချင်းလည်း ပြန်လည် ကူးစက်တတ်သည့် ရောဂါပိုး ဖြစ်သည်။ ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ အားအင် ကုန်ခမ်းခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှု ကျပ်ခြင်းနှင့် အစာ စားချင်စိတ် မရှိခြင်း စသည့်တို့ ဖြစ်သည်။ (Xinhua)