Connect with us

Africa & Middle East

ပါကစ္စတန် ရဟတ်ယာဉ် တစ်စီး အာဖဂန်နစ္စတန်နယ်မြေထဲ အရေးပေါ်ဆင်းသက်၊ ရဟတ်ယာဉ် ဝန်ထမ်းများ အား တာလီဘန်တို့ ဖမ်းဆီးထား

ပါကစ္စတန်နိုင်ငံ အစိုးရပိုင် ရဟတ်ယာဉ် တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ လိုဂါပြည်နယ်အတွင်းသို့ သြဂုတ် ၄ ရက်က ပါကစ္စတန် ရဟတ်ယာဉ် တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ်ပေါ်ပါ ဝန်ထမ်း၇ဦးအား တာလီဘန်စစ်သွေးကြွများက ဓါးစားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Samaa သတင်းဋ္ဌာနက ပါကစ္စတန်ရဟတ်ယာဉ် သည် အလုံးစုံပြုပြင်ရေး ပြုလုပ်ရန် ဥဇဘတ်ကစ္စတန်နိုင်ငံသို့ ပျံသန်းနေစဉ် စက်ပစ္စည်းချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ ရဟတ်ယာဉ်မှူး သည် ပါကစ္စတန် အနောက်မြောက်ဘက် Kurram လူမျိုးစုဒေသ နယ်စပ် အနီးရှိ လိုဂါ နယ်မြေသို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ်ပေါ်၌ ပါကစ္စတန် ရဟတ်ယာဉ်မှူး နှစ်ဦး၊ စက်ပြင် လေးဦး နှင့် ရုရှားလူမျိုး လမ်းကြောင်းပြတစ်ဦး ပါဝင်လာခဲ့ပြီး ပါကစ္စတန် အနောက်မြောက်ပိုင်း ပီရှာဝါမြို့လေဆိပ်မှ သြဂုတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၈း၄၅ နာရီတွင် ထွက်ခွာလာခြင်းဖြစ်သည်။
တာလီဘန် စစ်သွေးကြွတို့သည် ရဟတ်ယာဉ်ဝန်ထမ်း ၇ဦးအား ဓါးစားခံအဖြစ် ထိန်းသိမ်းထားသည့်အပြင် ရဟတ်ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီဒီယာ တစ်ချို့၏ ဖော်ပြချက်အရ ရဟတ်ယာဉ် သည် မြေပြင်ပေါ်သို့ မဆင်းသက်မီ မီးလောင်ကျွမ်းခဲ့ပြီး ရဟတ်ယာဉ်ဝန်ထမ်း ၇ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
ယင်း Mi-17 ရဟတ်ယာဉ်အား ပါကစ္စတန်နိုင်ငံ ၏ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်အစိုးရ က ပိုင်ဆိုင်ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံခြားရေးရုံးက ဖြစ်စဉ် အကြောင်းအရာကို စုံစမ်းနေပြီး အသေးစိတ်အချက်အလက်ကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် တာဝန်ရှိသူ တစ်ဦးက ပန်ဂျပ်ပြည်နယ်အစိုးရ၏ ရဟတ်ယာဉ်တစ်စီးသည် ဥဇဘတ်ကစ္စတန်နိုင်ငံသို့ ပျံသန်းသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့ရာတွင် လိုဂျာပြည်နယ်တွင် ဆင်းသက်ခဲ့ရသည့် ရဟတ်ယာဉ် နှင့်အတူတူဖြစ်ကြောင်းကိုမူ အတည်ပြုခဲ့ခြင်းမရှိချေ။
တာဝန်ရှိသူက အသေးစိတ်အချက်အလက်အများအတွက် အာဖဂန် အစိုးရအား ဆက်သွယ်ထားကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ က တာလီဘန်တို့သည် ပါကစ္စတန်ရဟတ်ယာဉ်ဝန်ထမ်းများအား ဓါးစားခံအဖြစ်ဖမ်းဆီးထားကြောင်းအတည်ပြုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.