Connect with us

Africa & Middle East

ဘဂ္ဂဒက်တွင် အသေခံ ကားဗုံး ပေါက်ကွဲမှုကြောင့် ၁၂၆ ဦး သေဆုံး

ဘဂ္ဂဒက်တွင် အသေခံ ကားဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံ တစ်လုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် ဇူလိုင်လ ၃ ရက် နံနက် အစောပိုင်း က ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၁၂၆ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ သတင်း ရရှိခဲ့သည်။

ဘဂ္ဂဒက်တောင်ပိုင်းရှိ လူစည်ကားသည့် စီးပွားရေးဒေသ တစ်ခုတွင် ဇူလိုင်လ ၃ ရက် နံနက် ၁ နာရီခန့်က အသေခံ ဗုံးခွဲသမားတစ်ဦးသည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်ထားသော ထရပ်ကားဖြင့် ဈေးဝယ်စင်တာ တစ်ခု၏ အပြင်ဘက်ကို အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးများနှင့် ကလေးများ အများစု ရှိနေသည့် သုံးထပ်တိုက် ဈေးဝယ်စင်တာ တစ်ခုလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ပြင်းထန်လှသည့် ဗုံးပေါက်ကွဲမှုကြောင့် ဈေးဝယ်စင်တာ အပါအဝင် ၎င်း၏ အနီးအနားရှိ အဆောက်အဦ လေးလုံး မီးလောင်ကျွမ်းခဲ့ပြီး အခင်းဖြစ်ပွားရာရှိ အခြား ဈေးဆိုင်၊ ဈေးတန်းများနှင့် မော်တော်ယာဉ် များစွာလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေး ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ နှင့် ပြည်သူများစွာသည် အပျက်အစီးများ နှင့် မီးကျွမ်း ထားသည့် အပိုင်းအစများအား အရုဏ်တက်ချိန်မှ ညနေပိုင်း အထိ အားသွန် ခွန်စိုက်ဖယ်ရှား၍ အသက်ရှင် ကျန်ရစ်သူများနှင့် လူသေ အလောင်းများကို ရှာဖွေခဲ့ကြောင်း သိရသည်။
မိသားစုများနှင့် လူငယ်များစွာသည် ဘာသာရေးဆိုင်ရာ ဥပုသ်လ အပြီး ဇူလိုင်လ ၅ ရက် တွင် ပွဲတော် ဆင်နွှဲရန် အတွက် ဈေးဝယ်ထွက်နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တစ်ဆက်တည်းမှာပင် ဘဂ္ဂဒက်မြို့ အရှေ့မြောက်ပိုင်းရှိ ဈေးတစ်ခုတွင် နောက်ထပ် ကားဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲ ခဲ့၍ တစ်ဦးသေဆုံးခဲ့ကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာ ရရှိသူ အများစုသည် အခြေအနေ ပြင်းထန်သောကြောင့် သေဆုံးသူ ဦးရေ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။
IS အစွန်းရောက် အဖွဲ့က ၎င်းတို့၏ အသေခံ ဗုံးခွဲသမားများ အနက်မှ တစ်ဦးသည် ရှီးယိုက် အများအပြားရှိသည့် Karrada-Dakhil ဒေသတွင် ကားဗုံးဖောက်ခွဲမှု တစ်ခု ပြုလုပ်ခဲ့ကြောင်းကို အွန်လိုင်းမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အီရတ်ဝန်ကြီးချုပ် Haider al-Abadi သည် ဇူလိုင်လ ၃ ရက် နံနက်တွင် ဗုံးပေါက်ကွဲခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်ရှိ အဖွဲ့အား အပြစ်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်း၏ ရုံးက ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.