Africa & Middle East
ယီမင်ဟူတီသူပုန်များက ဆော်ဒီအာရေးဗီးယားလေဆိပ် ၄ ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်
ဆာနာ ၊ မတ် ၂၆ ရက်(ဆင်ဟွာ)
ယီမင်နိုင်ငံ၌ လက်နက်ကိုင်ပုန်ကန်မှုများပြုလုပ်နေသည့် ဟူတီသူပုန်များက မတ်လ ၂၅ ရက် ညဉ့်နက်ပိုင်းတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်းရှိ လေဆိပ် ၄ ခုကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူတီသူပုန်များထိန်းချုပ်ထားသည့် Saba သတင်းအေဂျင်စီက ထုတ်ပြန်ချက်တစ်စောင် ဖော်ပြခဲ့သည်။
ပဲ့ထိန်းဒုံးတစ်စင်းသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာဒ့်မြို့မြောက်ပိုင်းရှိ King Khaled နိုင်ငံတကာလေဆိပ်သို့ဦးတည်ပစ်ခတ်ခဲ့ကြောင်း ၊ ဒုတိယဒုံးကျည်တစ်စင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Asir ပြည်နယ်အတွင်းရှိ Abha နိုင်ငံတကာလေဆိပ်ကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တတိယမြောက် ဒုံးကျည်တစ်စင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ တောင်ပိုင်း Jizan ပြည်နယ်အတွင်းရှိ နိုင်ငံတကာလေဆိပ်တစ်ခုကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း နှင့်အခြား ဒုံးကျည်လေးစင်းမှာ ဆော်ဒီအရှေ့တောင်ပိုင်း Najran ပြည်နယ်အတွင်းရှိ ဒေသတွင်း လေဆိပ်များကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)