Africa & Middle East
လစ်ဗျားနိုင်ငံ မြို့တော်တွင် ကားဗုံးဖောက်ခွဲရန် ကြံစည်သူ အိုင်အက်စ် အဖွဲ့ဝင်များအား ဖမ်းဆီး
ထရီပိုလီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် ကားဗုံးဖောက်ခွဲရန် ကြံစည်သူ အိုင်အက်စ်အဖွဲ့ဝင် နှစ်ဦးအား ဇန်နဝါရီလ ဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
“သံသယရှိသူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီးနောက် အဲဒီလူ နှစ်ယောက်ကို ဖမ်းမိခဲ့သလို သူတို့ကလဲ အိုင်အက်စ် အဖွဲ့ဝင်ဖြစ်တယ်လို့ ဝန်ခံထားတယ်” ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ လုံခြုံရေးတပ်ဖွဲ့ တစ်ခုဖြစ်သော အကြမ်းဖက်သမားများ တားဆီးရေးအဖွဲ့က Facebook ပေါ်တွင် ပြောကြားခဲ့သည်။
Facebook ပေါ်တွင် တင်ပြထားချက်အရ အဆိုပါ အိုင်အက်စ်အဖွဲ့ဝင် နှစ်ဦးသည် ကားဗုံးဖောက်ခွဲမှု တစ်ခုကို ကြံစည်ကြောင်း ဝန်ခံထားသည်ကို တွေ့ရသည်။ ၎င်းတို့သည် ထရီပိုလီမြို့လယ်ရှိ စက်မှုဇုန်ခရိုင်အနီးတွင် ဗုံးတစ်လုံးကို ချထားခဲ့ကြောင်း၊ ၎င်းတို့ ဖမ်းဆီးမခံရမီ ထိုဗုံးကိုဖောက်ခွဲရန် နှစ်ကြိမ်ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံ မြောက်ပိုင်း ဘန်ဟာဇီမြို့မှ ထွက်ပြေးလာခဲ့သော အကြမ်းဖက်သမားများသည် ထရီပိုလီမြို့ Al-Drebi နယ်မြေကို လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ နေရာများ၌ ယခင်က ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သော်လည်း နည်းပညာချို့ယွင်းချက်ကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။
ဇန်နဝါရီလ ၆ ရက်က Al-Drebi နယ်မြေရှိ ဈေးတစ်ခုတွင် သတင်းအရ သွားရောက်ရှာဖွေခဲ့ပြီးနောက် ပေါက်ကွဲစေသော ပစ္စည်းအား လုံခြုံရေးတပ်ဖွဲ့က အောင်မြင်စွာ ဖြုတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီ ပြုတ်ကျပြီးနောက် လစ်ဗျားနိုင်ငံမှာ လုံခြုံမှုမရှိခြင်းနှင့် ပရမ်းပတာဖြစ်ခြင်းများ ခံစားခဲ့ရကြောင်း၊ လက်ရှိတွင် နိုင်ငံရေး ခွဲထွက်မှုနှင့် အကြမ်းဖက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)