Connect with us

Africa & Middle East

လစ်ဗျား အရှေ့တောင်ပိုင်းတွင် တရားမဝင် ရွှေ့ပြောင်းလာသူ ၁၆ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

လစ်ဗျား ကန္တာရတွင် တွေ့ရသည့် တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

လစ်ဗျား အရှေ့တောင်ပိုင်းရှိ ကန္တာရတွင် တရားမဝင် ရွှေ့ပြောင်းရောက်ရှိလာသူ ၁၆ ဦး၏ ရုပ်အလောင်းများအား စစ်တပ်က ကင်းလှည့်နေစဉ် တွေ့ရှိခဲ့ရကြောင်း လစ်ဗျား အရှေ့ဘက် အခြေစိုက် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် အာမတ် မစ်မာရီက စက်တင်ဘာလ ၅ ရက်က လစ်ဗျား သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

“Tobruk စစ်တပ်ဇုန်က ကင်းလှည့်နေရင်းနဲ့ Tobruk မြို့ အနောက်တောင်ဘက် ၃၁၀ ကီလိုမီတာ အကွာမှာ အဲဒီ အလောင်း ၁၆ လောင်းကို တွေ့ခဲ့တာပါ” ဟု မစ်မာရီက ဖေ့ဘုတ်တွင် ပြောကြားခဲ့သည်။

“အဲဒီနေရာနားတဝိုက် ကင်းလှည့်ပြီး ဆက်လက် ရှာဖွေနေဆဲပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ ရုပ်အလောင်းများမှာ ပုပ်သိုးနေပြီဖြစ်ပြီး သေဆုံးသူအချို့မှာ အီဂျစ်လူမျိုးများဖြစ်ကြောင်း လခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။

ဇူလိုင်လ အစောပိုင်းကလည်း စစ်တပ်က ကင်းလှည့်နေစဉ်တွင် လစ်ဗျား ကန္တာရတွင် သေဆုံးသူ အီဂျစ်နိုင်ငံသားများ၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့မှာ လစ်ဗျားသို့ တရားမဝင် ဝင်ရောက်လာခဲ့သူများ ဖြစ်ကြောင်းနှင့် သဲကန္တာရတွင် အပူချိန်မြင့်မားခြင်းနှင့် ဆာလောင် မွတ်သိပ်ခြင်းများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ပြည်တွင်းစစ်များကြောင့် ပျက်စီးအထိနာနေသော လစ်ဗျားနိုင်ငံအတွင်း မတည်ငြိမ်မှုများနှင့် မလုံခြုံမှုများကြောင့် တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များစွာသည် နှစ်စဉ် လစ်ဗျားမှ မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပသို့ ဦးတည်ဝင်ရောက်လျက်ရှိကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.