Africa & Middle East
အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ရန် တစ်နိုင်ငံလုံး တိုက်ပွဲဝင်သည့် အခြေအနေ သို့ ရောက်ရှိကြောင်း ဆိုမာလီယာ နိုင်ငံ သမ္မတ ကြေညာ

နိုင်ရိုဘီ ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဆိုမာလီယာ နိုင်ငံ သမ္မတ Mohamed Abdullahi Mohamed က တစ်နိုင်ငံလုံးအတိုင်းအတာ တိုက်ပွဲ အခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၆ ရက်နေ့က ကြေညာခဲ့ပြီး ဆိုမာလီယာ နိုင်ငံ ပြည်သူလူထု နှင့် အစိုးရ တပ်ဖွဲ့ တို့မှ အစွန်းရောက် အဖွဲ့အစည်း Al-Shabaab ကို အတူတကွ စစ်ကြေညာကြောင်း ပြောကြား ခဲ့သည်။
ဆိုမာလီယာ သမ္မတ က ဧပြီလ ၆ ရက်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် Al-Shabaab လက်နက်ကိုင် အဖွဲ့အစည်း အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း အစိုးရ ထံသို့ လက်နက်ချ အလင်းဝင် ရန်လိုအပ်ကြောင်း ၊ ၎င်း အဖွဲ့အစည်း မှ လူငယ် များအနေဖြင့် အကြမ်းဘက် တိုက်ခိုက်မှု များကို စွန့်လွှတ်ပါက ခွင့်လွှတ်ခြင်းကို ရရှိနိုင်ကြမည် ဖြစ်ပြီး စာပေသင်ကြားမှု နှင့် အလုပ်အကိုင် အခွင့်အလမ်းကို လည်း ရရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် သမ္မတ က သတင်းစာရှင်းလင်းပွဲ တွင် ဆိုမာလီယာ နိုင်ငံ မြို့တော် Mogadishu ၏ မြို့တော်ဝန် အသစ် ၊ စစ်တပ် ၊ ရဲတပ်ဖွဲ့ နှင့် သတင်းအချက်အလက် ဌာန စသည့် အရေးပါသည့် ဌာန များ၏ ရာထူးခန့်အပ်မှု အသစ် များကို ကြေညာခဲ့ပြီး ယင်းကဲ့သို့သော ရာထူးခန့်အပ်ခြင်းများမှ တစ်ဆင့် ဆိုမာလီယာ အစိုးရ သည် နိုင်ငံတော် လုံခြုံရေး နှင့် တည်ငြိမ်ရေး ကို နှောက်ယှက်ဖျက်ဆီး လိုသူများကို ပိုမို တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆိုမာလီယာ နိုင်ငံ မှ Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလော နှစ်များအတွင်း ဆိုမာလီယာ နိုင်ငံ နှင့် အနီးတစ်ဝိုက်ရှိ နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှု များကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)