Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး
ကဘူးလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghisပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို မတ် ၁၁ ရက် ညပိုင်းက တာလီဘန်လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် အစိုးရက မတ် ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
လက်နက်ကြီးလက်နက်ငယ်များကိုင်ဆောင်လာသည့် ဒါဇင်နှင့်ချီသော တာလီဘန်များ မတ် ၁၁ ရက် ညပိုင်းတွင် Badghisပြည်နယ် Qala-e-Nawမြို့၏ ၁၅ ကီလိုမီတာအကွာရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ အပြန်အလှန်ပစ်ခတ်မှုများ နာရီနှင့်ချီဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်းနှင့် လက်နက်ကိုင်အချို့ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖဂန် အမှုဆောင် အရာရှိချုပ် အကြံပေး Koahiက မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
Badghisပြည်နယ်သည် အနောက်ပိုင်း Herat ပြည်နယ်နှင့်ဆက်စပ်လျက်ရှိရာ ယာဉ်သွားလမ်းများ Qala-e-Nawမြို့ကို ဖြတ်သန်းပြီး အာဖဂန် မြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသများကို ဆက်သွယ်ပေးလျက်ရှိသည်။ ယခုနှစ်ပိုင်းများတွင် တာလီဘန်လက်နက်ကိုင်များက ယင်းပြည်နယ်သို့ အဆက်မပြတ် စိမ့်ဝင်ပြန့်နှံ့လျက်ရှိရာ တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ မတ် ၁၀ ရက် ညပိုင်းတွင်လည်း Badghisပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အာဖဂန် အစိုးရတပ်နှင့် တာလီဘန်တို့အကြား ပဋ္ဋိပက္ခဖြစ်ပွားရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)