Africa & Middle East
အာဖဂန်နိုင်ငံ မြို့တော်တွင် နှစ်သစ်ကူးပွဲတော်များ ကျင်းပနေစဉ် ပေါက်ကွဲမှုများဖြစ်ပွား
ကဘူးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်အနောက်ဘက်ရှိ ဗလီတစ်ခုအနီးတွင် မတ်လ ၂၁ ရက်၌ နှစ်သစ်ကူးပွဲတော်များ ကျင်းပနေစဉ် ပေါက်ကွဲမှု သုံးခုဖြစ်ပွားပြီးနောက် လူပေါင်းများစွာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
“Kart-e-Sakhi ခရိုင်မှာ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားပြီးနောက် နံနက် ၉း၃၀ နာရီက ဂျမယ်မီနာရပ်ကွက်ရှိ အဓိက ယာဉ်ဖြတ်သန်းသွားလာရာအဝိုင်းမှာ ပေါက်ကွဲသံကြီး ကြားခဲ့ရတယ်” ဟု မျက်မြင်သက်သေ မိုဟာမတ် ဂျာဖာ (Mohammad Jafar) က ဆင်ဟွာသို့ ပြောခဲ့သည်။
မတ်လ ၂၁ ရက်တွင် ကျရောက်သော အာဖဂန် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နော်ဝက်ဇ်ပွဲတော်အတွက် နိုင်ငံတစ်ဝန်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ထားရာမှ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“Sakhi Shrine ဗလီမှာ နှစ်သစ်ကူးပွဲတော်များလုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ယာဉ်ဖြတ်သန်းသွားလာရေး အတွက် အဲဒီနေရာကို ပိတ်ထားခဲ့ပေမဲ့ ဗလီဆီကို ဦးတည်သွားနေတဲ့ လူအုပ်ကြီးထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ” ဟု ဂျာဖာက ဖြည့်စွက်ပြောကြားခဲ့သည်။
“အဲဒီနေရာတစ်ခုလုံးကို လုံခြုံရေးစည်းတားထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ယင်းနေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“သေဆုံး၊ ဒဏ်ရာရသူတွေရှိပါတယ်။ အသေးစိတ်အချိတ်အလက်တွေကိုတော့ ကျွန်တော်တို့ မထုတ်ပြန်နိုင်သေးပါဘူး” ဟု အခင်းဖြစ်ပွားရာနေရာအနီးရှိ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)