Connect with us

Africa & Middle East

အီဂျစ်နှင့်ဂျော်ဒန်က ပါလက်စတိုင်း၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် နှိုးဆော်

ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်နေကြသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဂါဇာဒေသတွင် ဆန္ဒပြနေသော ပါလက်စတိုင်းများကို အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ ခြင်းကို ပြစ်တင်ရှုံ့ချကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ပါလက်စတိုင်း၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukryနှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့သည် ဧပြီလ ၁ ရက်နေ့တွင် ကိုင်ရိုတွင်ကျင်းပသော ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းသတင်းစာရှင်းလင်းပွဲတွင် အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukry က နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပါလက်စတိုင်း၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းအားပေး ဆောင်ရွက် ရန် လုပ်ဆောင်သင့်သည်ဟုထင်မြင်ကြောင်း၊ အီဂျစ်က နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် အညီ ပါလက်စတိုင်း၏အခွင့်အရေးနှင့်အကျိုးအမြတ်များကို အကောင်အထည်ဖော်ပေးရန် ဆက်လက် နှိုးဆော်သွား မည် ဖြစ်ကြောင်း ဆိုသည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ကလည်း ပါလက်စတိုင်းပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်သည့် အခွင့်အလမ်းကို အဆုံးသတ်အောင် လုပ်ဆောင်နေသည့် အစ္စရေး၏လုပ်ရပ်များနှင့် ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံညှိနှိုင်းသဘောတူညီချက် “Two-state solution”ကို ဖောက်ဖျက်သည့် လုပ်ရပ်များကို ပြစ်တင်ရှုံ့ချကြောင်း၊ အမေရိကန်က ဂျေရုဆလင် ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိမှတ်ပြုခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည့် အတွက် အာရပ်နိုင်ငံများက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေး-ပါလက်စတိုင်းပဋ္ဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းပေးရန် Sameh Shoukry နှင့် Ayman Safadi တို့က အမေရိကန်အား တိုက်တွန်းပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၆ ရက် က အမေရိကန်သမ္မတ ထရန့်သည် ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ ၏မြို့တော်အဖြစ် အသိမှတ်ပြုကြောင်းကြေညာခဲ့သောကြောင့် ပါလက်စတိုင်းတို့အား ဒေါသအမျက်ထွက် စေခဲ့ပြီး အစ္စရေး၊ပါလက်စတိုင်းအခြေအနေကလည်း အဆက်မပြတ်ဆိုးဝါးလာပါသည်။

မတ်လ ၃၀ ရက်က ပါလက်စတိုင်းနိုင်ငံသား ၁သောင်းကျော်သည် ဂါဇာဒေသနယ်စပ်တစ်လျှောက်တွင် ဆန္ဒပြ ထုတ်ဖော်မှုများပြုလုပ်ခဲ့ရာ အစ္စရေးကာကွယ်ရေးတပ်မှ ဆန္ဒပြသူများအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသူ အနည်းဆုံး ၁၅ ဦးရှိခဲ့ပြီး လူ ၁၄၀၀ ကျော် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.