Africa & Middle East
အီရန်အမျိုးသမီးများအား မော်တော်ဆိုင်ကယ်ပြိုင်ပွဲများ၌ တရားဝင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု
တီဟီရန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် အဖွဲ့ချုပ် က အီရန်အမျိုးသမီးများအား အီရန်နိုင်ငံအတွင်း ကျင်းပသည့် မော်တော်ဆိုင်ကယ်ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာန က သြဂုတ်၃၁ ရက်တွင် ဖော်ပြခဲ့သည်။
အဖွဲ့ချုပ်အကြီးအကဲ Mohmoud Seydanlou က “ကျွန်တော်တို့ဟာ အီရန်အမျိုးသမီးတွေကို နိုင်ငံရဲ့ချန်ပီယံပြိုင်ပွဲတွေမှာ မြင်တွေ့နိုင်ရန် မျှော်လင့်ပါတယ်။ ထို့သို့ခွင့်ပြုလိုက်ခြင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထူးချွန်အမျိုးသမီးတွေအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွေမှာ ပါဝင်နိုင်ဖို့ လမ်းခင်းပေးလိုက်ခြင်းပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
“အီရန်နိုင်ငံရဲ့ ပါရမီရှိတဲ့အမျိုးသမီးတွေဟာ မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေမှာ ပါဝင်ဖို့စိတ်ဝင်စားကြပြီး ကျွန်တော်တို့အနေနဲ့လည်း အမျိုးသမီးတွေ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လာခြင်းကိုလည်း ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အီရန်အမျိုးသမီးများစွာသည် အားကစားမြတ်နိုးသူများ နှင့် ဝင်ရောက် ယှဉ်ပြိုင်လိုသူများဖြစ်သော်လည်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးများသည် အမျိုးသမီးအားကစားပွဲစဉ်များကို ထုတ်လွှင့်လေ့မရှိကြောင်း တီဟီရန် တိုင်းမ်နေ့စဉ်သတင်းစာ ကဖော်ပြခဲ့သည်။ (Xinhua)