Africa & Middle East
ကာတာသည် IS ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင် မဖြစ်သင့်ကြောင်း အီဂျစ်ပြောကြား
ကိုင်ရို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ က အမေရိကန်ဦးဆောင်သော IS ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ တွင် အကြမ်းဖက်မှုကို ထောက်ပံ့နေသော နိုင်ငံများသည် အဖွဲ့ဝင်မဖြစ်သင့်ကြောင်း ကာတာနိုင်ငံကိုဦးတည်၍ ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ahmed Abu Zeid က မဟာမိတ်အဖွဲ့တွင် အကြမ်းဖက်မှုကို ထောက်ပံ့ခြင်း (သို့) မီဒီယာက တစ်ဆင့် ထောက်ခံပြောဆိုမှုများ ပြုလုပ်ပေးနေသော နိုင်ငံများ အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းသည် လက်ခံနိုင်ဖွယ် ကိစ္စတစ်ခုမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
Zeid သည် ဝါရှင်တန်မြို့တွင် ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့သည့် IS ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေးပွဲတွင် အီဂျစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သူဖြစ်ကြောင်း သိရသည်။
၎င်းက အကြမ်းဖက်အဖွဲ့အစည်းများ၊ စစ်သွေးကြွအုပ်စုများ နှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသူ အားလုံးကို တိုက်ခိုက်ချေမှုန်းခြင်းဖြင့် တိုက်ပွဲများ၌ IS စစ်သွေးကြွများအပေါ် အောင်နိုင်ခဲ့မှု ကို ထပ်မံတိုးပွားလာအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
လစ်ဗျား၊ ဆီးရီးယား နှင့် ယီမင်နိုင်ငံတို့ အပါအဝင် ဒေသတွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးမှုများ ဖြစ်ပေါ်လာချိန်တွင် ယင်းမူဝါဒကို အခြေခံ၍ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု နှင့် ဘာရိန်းနိုင်ငံတို့က ကာတာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်မှုများ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Zeid ကပြောကြားခဲ့သည်။
၎င်းက အချို့သော နိုင်ငံများသည် တစ်ဖက်တွင် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပူးပေါင်း၍ အကြမ်းဖက်မှု တိုက်ဖျက်ခြင်းကို အားပေးထောက်ခံနေပြီး အခြားတစ်ဖက်၌ အကြမ်းဖက်အဖွဲ့အစည်းများ နှင့် ဆက်သွယ်နေကာ မျက်နှာ နှစ်ဘက် ဖြင့် ပါဝင်နေသဖြင့် မဟာမိတ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယင်းအဖွဲ့ဝင်ကိစ္စအား အထူးအလေးထား စဉ်းစားဆုံးဖြတ်သင့်ကြောင်း ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
Zeid က မဟာမိတ်အဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက်ရာတွင် ဦးတည်ချက် သဘောထားတူညီသော နိုင်ငံများကိုသာ ပါဝင်ခွင့်ပေးသင့်ကြောင်းပြောကြားခဲ့သည်။
ကာတာနိုင်ငံအပေါ် တားမြစ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် အာရပ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့သည် ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး တစ်ရက်အကြာတွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)