Africa & Middle East
တူရကီရဲတပ်ဖွဲ့က IS အစွန်းရောက်အဖွဲ့ဝင်ဟု သံသယရှိသူ ၂၄ ဦးအား ဖမ်းဆီး
အန်ကာရာ ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)
တူရကီရဲတပ်ဖွဲ့က နိုဝင်ဘာလ ၅ ရက်တွင် တစ်နိုင်ငံလုံးနေရာအနှံ့၌ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ IS အစွန်းရောက်အဖွဲ့အစည်းနှင့်ဆက်စပ်ရှိသူဟု သံသယရှိသူ ၂၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသူများမှာ IS အဖွဲ့အတွက် တူရကီနိုင်ငံမှ အခြားနိုင်ငံများသို့ ငွေကြေးလွှဲပြောင်းမှု လုပ်ဆောင်ပေးနေကြောင်း Anadolu သတင်းအေဂျင်စီက ရဲတပ်ဖွဲ့၏သတင်းကို ကိုးကားဖော်ပြ ထားသည်။
ယခု ရှာဖွေစစ်ဆေးမှုတွင် စုစုပေါင်းတန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁ သိန်းခန့်ရှိသော အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ တူရကီလိုင်ရာ ၊ ဆီးရီးယား ပေါင် နှင့် နိုင်ငံခြားငွေအမြောက်အမြားကို သိမ်းဆည်း ရမိကြောင်း သိရသည်။ ဖမ်းဆီးရမိသူများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ကို ဖော်ပြထားခြင်းမရှိ သေးကြောင်း သိရသည်။
၂၀၁၅ ခုနှစ်မှစ၍ IS အစွန်းရောက်များက တူရကီနိုင်ငံအတွင်းရှိ လေဆိပ်၊ ဘူတာ၊ အားကစားကွင်း၊ နိုက်ကလပ်စသည့် လူအများစုဝေးရာနေရာများတွင် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ လူသူသေဆုံး ဒဏ်ရာရမှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့သည်။ တူရကီ ရဲတပ်ဖွဲ့က ၂၀၁၇ ခုနှစ်မှစ၍ အကြမ်းဖက် တိုက်ဖျက်ရေးများ အားထားလုပ်ဆောင်ခဲ့သောကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ အတိုင်းတာ တစ်ခုအထိ လျော့နည်းသွားကြောင်း သိရသည်။ (Xinhua)