Africa & Middle East
အီရတ်တွင် IS စစ်သွေးကြွများက လူ၄၀ဦးအား ကွပ်မျက်
မိုဆူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
IS အစွန်းရောက်စစ်သွေးကြွအုပ်စုများ က ၎င်းတို့နောက်ဆုံးထိန်းချုပ်ထားသည့် မိုဆူးလ်မြို့တွင် သြဂုတ် ၂၁ရက် က လူ အယောက် ၄၀ အား ကွပ်မျက်ခဲ့ကြောင်း လုံခြုံရေးဆိုင်ရာသတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။
ကွပ်မျက်ခံရသူများသည် Nineveh ပြည်နယ် မြို့တော် မိုဆူးလ်ရှိ IS အုပ်စု၏ စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ဖောက်ဖျက်သူများ၊ မြို့တွင်းမှ ပြည်သူများထွက်ခွာနိုင်ရန် ကူညီပေးသူများ (သို့) အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်နေကြောင်း Nineveh ပြည်နယ် ကောင်စီဆိုင်ရာ လုံခြုံရေး ကော်မတီခေါင်းဆောင် Mohammed al-Baiyati ၏ ပြောကြားချက်အရ သိရသည်။
Baiyati က IS စစ်သွေးကြွအုပ်စုသည် ကွပ်မျက်ခံရသည့် အမျိုးသား အယောက် ၄၀၏ ရုပ်အလောင်းများ နှင့် ၎င်းတို့၏ နာမည်စာရင်းများကို မိုဆူးလ်မြို့ ရှိ ဆေးရုံကြီး၏ ရေခဲတိုက်သို့လွှဲပြောင်းပေးထားကြောင်း နှင့် ရုပ်အလောင်းအားလုံးသည် ဦးခေါင်း၌ သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အီရတ်စစ်တပ်နှင့် မိုဆူးလ်ပတ်ဝန်းကျင်ရှိ ဧရိယာများအား ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်နေသည့် Peshmerga ဟု လူသိများသော ကာ့ဒ်လုံခြုံရေး တပ်ဖွဲ့များက မိုဆူးလ်မြို့အား IS လက်မှ လွတ်မြောက်ရန် အဓိက တိုက်စစ်ဆင်နွှဲနေစဉ် ထိုသို့ ကွပ်မျက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်သည့် မိုဆူးလ်မြို့သည် ၂၀၁၄ခုနှစ် ဇွန်လတွင် အစိုးရတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပြီးနောက် IS တို့၏ လက်အောက် ကျရောက်ခဲ့ရပြီး အီရတ်နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများအား IS တို့အနေဖြင့် ပိုမိုခြေကုတ်ရယူရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေခဲ့သည်။ (Xinhua)