Connect with us

Asia

ကမ္ဘောဒီးယား နိုင်ငံ၌ နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦးအား တရားမဝင် မူးယစ်ဆေးဝါးများ နှင့် အတူ ဖမ်းမိ

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ ၌ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် များအား တွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့က နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦးအား မီသာဖက်တမင်း(methamphetamine) အခဲ ကီလိုဂရမ် ၂၀ ကျော် သယ်ဆောင်လာသည်ဟု သံသယ ရှိကာ ဖနွမ်းပင်မြို့၌ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သံသယရှိသူများသည် လာအိုနိုင်ငံမှ ကမ္ဘောဒီးယား နိုင်ငံ အတွင်းသို့မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင် လာခဲ့ပြီးနောက် ဖနွမ်းပင်မြို့၏ Meanchey ခရိုင်အတွင်းရှိ တည်းခိုခန်း တစ်ခု၌ ဇူလိုင် ၂၈ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ပလတ်စတစ်အိတ် ၂၁ အိတ်ဖြင့် ထုတ်ပိုးထားသော မူးယစ်ဆေးဝါး ကီလိုဂရမ် ၂၀ ကျော်ကို သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံ ရဲတပ်ဖွဲ့က ဝက်ဘ်ဆိုဒ်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သုံးဦးအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားရုံး၌ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံ၌ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်သူများအား သေဒဏ် ချမှတ်ခြင်း မရှိဘဲ ဥပဒေအရ မည်သူမဆို တရားမဝင် မူးယစ်ဆေးဝါး ကီလိုဂရမ် ၈၀ ကျော် သယ်ဆောင်လာပါက တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံရနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ တာဝန်ရှိသူများက ယခုနှစ် ပထမ ခြောက်လ တွင် မူးယစ်ဆေးဝါး နှင့် ဆက်နွယ်သည့် သံသယရှိသူ ၈,၇၅၀ ဦးအား ဖမ်းဆီးမိခဲ့ရာ ၎င်းတို့ အထဲတွင် နိုင်ငံ ခုနှစ်နိုင်ငံမှ နိုင်ငံခြားသား ၁၆၇ ဦး ပါဝင်ကြောင်း နှင့် တရားမဝင် မူးယစ်ဆေးဝါး စုစုပေါင်း ၃၄၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)