Asia
ပါကစ္စတန်တွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် လူ ၉ဦးသေဆုံး
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa (KPK) ပြည်နယ် ရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ စက်တင်ဘာ ၁၂ရက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ၉ဦး သေဆုံးခဲ့ပြီး ၂ဦး ပိတ်မိနေကြောင်း ပြည်တွင်းရုပ်သံလိုင်း Urdu TV channels ကဖော်ပြခဲ့သည်။
သတင်းဖော်ပြချက်များအရ ကျောက်မီးသွေးတွင်းများမှ ထွက်သော မီသိန်းဓါတ်ငွေ့များ စုဝေးနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မိုင်းတွင်းအစိတ်အပိုင်းတစ်ခု ပြိုကျခဲ့ပြီး အလုပ်သမား ၉ဦး သေဆုံးကာ ၂ဦး ပိတ်မိနေခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်သည် KPK ပြည်နယ် Kohat ခရိုင် ရှိ Akhrowal ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မိုင်းတွင်းပြိုကျမှုဖြစ်ပွားချိန်တွင် အထဲ၌ အလုပ်သမား ၁၁ဦးအလုပ်လုပ်နေပြီး ကယ်ဆယ်ရေးဝန်ထမ်းများက ယခုအချိန်အထိ လူ ၉ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး ပိတ်မိနေသူ ၂ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
သြဂုတ် ၁၃ ရက် အစောပိုင်းတွင်လည်း ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး အလုပ်သမား ၇ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူများကပြောကြားခဲ့သည်။ (Xinhua)