Asia
ပါကစ္စတန် အနောက်မြောက်ရှိ ဈေးတွင် ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၂၀ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရ

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ရှိ Kurram မျိုးနွယ်စုများ နေထိုင်သည့် နယ်မြေအတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဈေး တစ်ခု၌ ဗုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး လူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပါကစ္စတန် စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Inter-Service Public Relation (ISPR) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Asif Ghafoor က ဈေးအတွင်း ပေါက်ကွဲစေသော ကိရိယာဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။အဆိုပါ ပေါက်ကွဲမှုသည် Kurram Agency အုပ်ချုပ်ရေး ဋ္ဌာနချုပ်များ တည်ရှိရာ Parachinar နယ်မြေအတွင်း ဒေသစံတော်ချိန် နံနက် ၈း၅၀ နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ISPR က အစောပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ယင်း ပေါက်ကွဲရေး ပစ္စည်းမှာ ပန်းသီးထည့်သည့် သေတ္တာပုံးအတွင်း ရှိနေခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားနေစဉ်အတွင်း Parachinar နှင့် အနီးဝန်းကျင်မှ လူများစွာမှာ ဈေးဝယ်နေခဲ့ကြောင်း Kurram Agency ဥပဒေပြု လွှတ်တော်အမတ် Sajid Turi က ပြောသည်။
ထို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဥပဒေပြင်ပ အဖွဲ့အစည်း တစ်ခု ဖြစ်သော Tehreek-i-Taliban Pakistan (TTP) က ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း မီဒီယာသို့ အီးမေးလ်ပို့ကာ ပြောကြားထားသည်။အစိုးရ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေသည့် TTP ပြောခွင့်ရပုဂ္ဂိုလ် Muhammad Khorasani ၏ ပြောကြားချက်တွင်မူ ၎င်းတို့၏ အဖွဲ့ဝင် Saifullah alias Bilal က Parachinar ဈေးထဲသို့ ဝင်ရောက်ကာ အသေခံ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့နောက် ၎င်းက ဆက်၍ ယခု တိုက်ခိုက်မှုသည် ယခု ရက်သတ္တပတ်အတွင်းက ပန်ဂျပ်ပြည်နယ်တွင် Lashkar-e-Jhangvi စစ်သွေးကြွအဖွဲ့ အကြီးအကဲ Asia Chuto နှင့် တက်ကြွလှုပ်ရှားသူ သုံးဦး သေဆုံးခဲ့ခြင်းအတွက် လက်စားချေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် နှစ်စီးနှင့် ဈေးဆိုင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း၊ ဈေးဧရိယာ ကိုလည်း ဝင်ရောက်ခွင့် ပိတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)