Connect with us

Asia

အိန္ဒိယတွင် ကျောင်းကား နှင့် ကုန်တင်ကားတိုက်မိ၍ ကလေး ၁၅ဦးသေဆုံး

အိန္ဒိယ တွင် ကျောင်းသားများ သေဆုံးခဲ့သည့် ကျောင်းကား နှင့် ကုန်တင်ကား တိုက်မိမှုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် ဇန်နဝါရီ ၁၉ ရက်က အရှိန်ပြင်းထန်စွာ မောင်းနှင်လာသော ကုန်တင်ကားတစ်စီး နှင့် ကျောင်းကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၍ ကလေး ၁၅ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Uttar Pradesh ပြည်နယ် မြို့တော် Lucknowမြို့ အနောက်မြောက်ဘက် ၂၃၄ ကီလိုမီတာ အကွာခန့် Etah ခရိုင် ရှိ Aliganj မြို့တွင် ဇန်နဝါရီ ၁၉ရက် နံနက်ပိုင်းက ယင်းယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Uttar Pradesh ပြည်နယ် ရဲမှူး Javed Ahmad က Aliganj မြို့တွင်ဖြစ်ပွားခဲ့သည့် ဝမ်းနည်းကြေကွဲဖွယ် ယာဉ်တိုက်မှုတွင် ကျောင်းသားငယ် ၁၅ဦးကျော် သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အခင်းဖြစ်ပွားရာသို့ ဒေသခံများ နှင့် ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာကြောင်း သိရသည်။

ဒေသခံတစ်ဦးဖြစ်သူ Somnath Pandey က ဒေသခံများသည် ဒဏ်ရာရရှိခဲ့သော ကျောင်းသားအများစုအား ကျောင်းကားမှ ဆွဲထုတ်ခဲ့ပြီး အရေးပေါ်လူနာတင်ကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့် အချို့ကလေးငယ်များသည် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူဦးရေတိုးလာဖွယ်ရှိကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

တာဝန်ရှိသူများက အခင်းဖြစ်ပွားချိန်သည် နံနက်ပိုင်းဖြစ်နေပြီး မြူများကျနေ၍ မြင်ကွင်းမရှင်းလင်းကြောင်း ပြောကြားခဲ့သည်။

ရဲအရာရှိများက ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

ဝန်ပိုတင်ဆောင်ခြင်း၊ လမ်းအခြေအနေများဆိုးရွားခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် အိန္ဒိယနိုင်ငံတွင် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.