Asia
မာရာဝီမြို့ကို စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား၍ ပြန်လည်သိမ်းပိုက်ရန် ဖိလစ်ပိုင်စစ်တပ်၏ရည်မှန်းချက် မအောင်မမြင်ဖြစ်ခဲ့
မနီလာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
အိုင်အက်စ်(IS) တို့ကို ထောက်ခံအားပေးသည့် အကြမ်းဖက်အဖွဲ့တစ်ခု၏ လက်တွင်းသို့လွန်ခဲ့သော ၄ လကျော်ကတည်းက ကျရောက်လျက်ရှိသည့် မာရာဝီမြို့အား စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား၍ ပြန်လည်သိမ်းပိုက်နိုင်ရေး ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်မှာ မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ တစ်ဦးက အောက်တိုဘာလ ၁ ရက်တွင်ပြောကြားလိုက်သည်။
မာရာဝီမြို့၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပူးတွဲစစ်ဆင်ရေးအဖွဲ့ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီး Romeo Brawner က ဖိလစ်ပိုင်စစ်တပ် နှင့် စစ်သွေးကြွ ၅ဝ ခန့်တို့သည် အောက်တိုဘာလ ၁ ရက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ၊ အိုင်အက်စ်အကြွင်းအကျန် စစ်သွေးကြွများသည် မာရာဝီမြို့၌ ခုခံတိုက်ခိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ပြီးခဲ့သော စက်တင်ဘာ ၁၉ ရက်တွင် မိန့်ခွန်းပြောကြားရာ၌ မာရာဝီမြို့ကို ပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေးမှာ စက်တင်ဘာ ၃ဝ ရက် တွင် အလုံးစုံ ပြီးမြောက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Delfin Lorenzana က အကြမ်းဖက်သမားများနှင့် စစ်ပွဲသည် အောက်တိုဘာ ၁ ရက်တွင် အဆုံးသတ်သွားပြီဖြစ်ကြောင်း အကောင်းမြင် စကား ဆိုခဲ့သည်။
ဒူတာတေး နှင့် Lorenzana တို့နှစ်ဦးစလုံးက ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအနေဖြင့် မာရာဝီမြို့၏ အချို့အစိတ်အပိုင်းများကို ရှင်းလင်းမှုပြုလုပ်နေပြီဖြစ်ကြောင်း နှင့် တိုက်ပွဲများမှာ မကြာမီအချိန်အတွင်း အဆုံးသတ်တော့မည်ဖြစ်ကြောင်း ရည်ညွှန်းပြောကြားခဲ့သည်။
သို့သော် ဗိုလ်မှူးကြီးBrawner က စစ်တပ်အနေဖြင့် တိုက်ပွဲများ မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မပြောနိုင်သေးကြောင်း ၊ တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေကြောင်း ၊ သေချာသည်မှာ ယနေ့တွင် တိုက်ပွဲများအဆုံးသတ်နိုင်လိမ့်မည် မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်စစ်တပ် နှင့် စစ်သွေးကြွများ၏ ပဋိပက္ခအတွင်း မာရာဝီမြို့၏ အခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။(Xinhua)