Asia
မြောက်ကိုရီးယားနှင့် အမေရိကန်အကြား လိုချင်သည့်အချက်များ ကွာဟချက်ရှိနေသေးကြောင်း ထရမ့်ပြောကြား

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား လိုချင်သည့်အချက်များ ကွာဟမှုကျန်ရှိနေသေးကြောင်း ဟနွိုင်းမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ၎င်းတို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးက စီစဉ်ထားသည်ထက် စော၍ အဆုံးသတ်ခဲ့ရခြင်းကို ရှင်းပြခဲ့သည်။
အိမ်ဖြူတော်၏ အစောပိုင်းသတင်းထုတ်ပြန်ချက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်သော ကင်နှင့် ထရမ့်တို့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့တွင် “သဘောတူညီချက် မရရှိခဲ့ကြောင်း” ဖော်ပြခဲ့သည်။ နှစ်နိုင်ငံ ကိုယ်စားပြုအဖွဲ့များအနေဖြင့် အနာဂတ်တွင် တွေ့ဆုံနိုင်ရန် မျှော်လင့်ကြောင်းလည်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)