Asia
အာဖဂန်နယ်စပ်တစ်လျှောက်တွင် ပါကစ္စတန်ခံတပ် ၂၃၃ခု တည်ဆောက်ပြီးဖြစ်ကြောင်း စစ်တပ်ပြောကြား

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ပါကစ္စတန်စစ်တပ်က စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများကို ကာကွယ်ရန် အာဖဂန်နစ္စတန်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ခံတပ် ၂၃၃ခု ကို တည်ဆောက်ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံတို့က နှစ်နိုင်ငံမှ စစ်သွေးကြွများသည် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ပတ်သက်၍ ကာလကြာရှည်စွာ ပြောဆိုခဲ့ကြပြီး ပါကစ္စတန်နိုင်ငံဘက်မှ ၂၀၁၇ခုနှစ်တွင် ခြံစည်းရိုးခတ်သည့် စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ ပြောကြားချက်အရ အဆိုပါ စီမံကိန်းသည် ၂၀၁၉ခုနှစ် ဒီဇင်ဘာ တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ပါကစ္စတန်နိုင်ငံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Asif Ghafoor က ခံတပ်နှင့် ခြံစည်းရိုးတည်ဆောက်ခြင်း ကို ၂,၆၀၀ကီလိုမီတာရှည်လျားသော ပါကစ္စတန် နှင့် အာဖဂန် နယ်စပ်တစ်လျှောက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ က လက်ရှိတွင် ခံတပ် ၈၄၃ခုအနက် ၂၃၃ခု နှင့် ဦးစားပေးဧရိယာ ၁,၂၀၀ ကီလိုမီတာ အနက် ၈၀၂ကီလိုမီတာကို တည်ဆောက်ပြီးစီးကြောင်း တွစ်တာ၌ရေးသားခဲ့သည်။၎င်းက တွစ်တာ၌ အဆိုပါ စီမံကိန်းသည် အကြမ်းဖက်သမားများကို ဟန့်တားပြီး ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်သူများအတွက် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း ရေးသားခဲ့သည်။ (Xinhua)